Saturday, 18 October 2008

တက်ကျမ်းဆိုသော စာအုပ်များနှင့်


အခုတလော ကျွန်မ တတ်ကျမ်းလို့ ဆိုရမဲ့ စာအုပ်တွေ တော်တော်များများ ဖတ်ဖြစ်နေတယ်။ ပုံမှန်အားဖြင့် ကျွန်မနဲ့ အဲလိုစာအုပ်တွေ သိပ်ရင်းနှီးလေ့မရှိပါဘူး။ ကျွန်မက ခံစားချက်ကို ဦးစားပေးတတ်သူ၊ အကြောင်းအရာကို အသားပေးတတ်သူပါ။ ဒါပေမဲ့ ကျွန်မနဲ့ သိပ်ခင်တဲ့ အသိအစ်ကို တစ်ယောက်ကတော့ အဲလိုစာအုပ်တွေကိုမှ အလေးပေးဖတ်တတ်သူရယ်ပါ။ ဘယ်လောက်တောင် ဖတ်ထားသလဲတော့ မသိဘူး။ သူစာအုပ်တွေအကုန်လုံး မှင်နီမှင်ပြာ မျိုးစုံ၊ Highlight တွေ အရောင်စုံနဲ့။ ပြောပုံကလည်း သိပ်ရှင်းပါတယ်။ ပြန်ဖတ်စရာ မလိုတော့အောင် ဖတ်ပြီးပြီဆိုပဲ။ အိမ်အပြောင်းအရွှေ့နဲ့ နေရာအခက်အခဲကြောင့် လိုချင်ရင် စာအုပ်တွေ အကုန်ယူသွားလို့ ရတယ်လို့ပြောပါတယ်။


ဘယ်လိုစာပေမျိုးပဲဖြစ်ဖြစ် စာဖတ်ရရင်ပျော်နေတတ်တဲ့ကျွန်မကတော့ ဝမ်းသာအားရနဲ့ကို စာအုပ်တွေ အကုန်လုံးသယ်လာပါတော့တယ်။ ဖတ်နေကျ မဟုတ်ပေမဲ့ ဖတ်ကြည့်တော့လည်း ကောင်းသား။ တစ်ချို့အကြောင်းအရာတွေက လက်တွေ့ပြသနာတွေကို အနည်းနဲ့အများဆိုသလို ထိရောက်စွာ ကုစားပေးနိုင်တယ်လို့လည်း ယုံကြည်ပါတယ်။ အညွှန်းတွေတော့ များနေပြီ။ ဖတ်ပြီးသလောက်ထဲမှာ သိပ်ကြိုက်တဲ့စာသားလေးတွေ ပြန်ဖောက်သယ်ချပါရစေဦး။

ဝီရိယ စိုက်ထုတ်လုပ်ကိုင်နိုင်လျှင် တိုင်းပြည်လူဦးရေ၏ တစ်ဝက်မျှကို အနိုင်ရပြီဖြစ်ပါသည်။ နောက်ထပ်လေးဆယ်ရာခိုင်နှုန်းကို ကျော်တက်နိုင်ရန်မူ ဖြောင့်မတ်တည်ကြည်သူ၊ ယုံကြည်ချက်၌ စွဲမြဲသူ ဖြစ်ရပါမည်။

ငွေ
ငွေဆိုသည်မှာ စည်းရိုးခြံစပ်၌ သိုဝှက်မြှပ်နှံထားရန်မဟုတ်
ခြွေရံသင်းပင်းနှင့် ဖြုန်းတီးပစ်ခြင်းငှာလည်း မဟုတ်
သီးခြားလွတ်လပ်ရပ်တည်နိုင်ခြင်းတည်း ဟူသော
ကျက်သရေမင်္ဂလာ အလို့ငှာသာ ဖြစ်ချေသည်။
ရောဘတ်ဘန်းစ်

No comments: