Saturday 18 October 2008

ဖေဖော်ဝါရီ ၁၄


ချစ်သူများရဲ့နေ့မှာ ကျွန်မချစ်တဲ့သူများရဲ့အချစ်တွေက ကျွန်မရဲ့နေ့လေးကို ပိုမိုလှပ ပြည့်စုံစေပါတယ်။ ည 12 နာရီတိတိမှာ အိမ်ဖုန်းမြည်သံကြားပေမဲ့ ဘယ်သူမှန်းမသိဘူးဆိုပြီး ထမကိုင်ဖြစ်တဲ့ ကျွန်မ နောက်ထပ် 2 နာရီမှာ တခါ ဖုန်းထပ်လာတော့ ဘယ်သူများ အရေးကြီးလို့လဲ မသိ ဆိုပြီး ဖုန်းကိုင်တော့ ဒီနှစ်ရဲ့ ပထမဆုံး ဆုတောင်းလေးကို စကြားရတော့ပါပဲ။ ချစ်ရတဲ့ ငယ်သူငယ်ချင်းတယောက် ကျွန်မနေတဲ့ နိုင်ငံရဲ့ ည12 ထိုးကတည်းက ကျွန်မအတွက် ဆုတောင်းပေးဖို့ ကြိုးစား ခေါ်နေတာပါ။ သယ်ရင်းကို အရင်ထက်နှစ်ဆ ပိုချစ်ပြီး ကျေးဇူးတင်သွားတယ်။

tvတွေကြည့် internet တွေသုံးရတာ ဝသွားတော့မှ အိပ်တော့မယ်ဆိုပြီး alarm ပေးဖို့ hp လေးကို ယူလိုက်တဲ့ မနက် 5 နာရီအချိန်လောက်မှာ နောက်ထပ်သူငယ်ချင်းတယောက်ရဲ့ သိပ်ချစ်စရာကောင်းတဲ့ ဆုတောင်း msg လေးတခု ဝင်လာပါတယ်။ ကျေးဇူးတင်တဲ့အကြောင်း ကျွန်မကပြန်ပို့၊ သူက မအိပ်သေးဘူးလားဆိုပြီး ပြန်ပို့ နဲ့ အပြန်အလှန် တွေပို့လိုက်ကြတာ တယောက် 5 စောင်လိုက်ဆီ ပို့ပြီးမှ ကျေနပ်သွားကြတော့တယ်။

အဲဒီအချိန်မှာပဲ ကျွန်မရဲ့ thousandth man လေးလဲနိုးလာပြီး ကျွန်မအတွက် ဆုတောင်းအနမ်းလေး ထပ်ပေးတော့ ကျွန်မအတွက် အရာရာပြည့်စုံ လှပသွားပြီပေါ့။

ဒီနှစ်အတွက်လည်း အပျော်ခံစား၊ အရင်နှစ်တွေက ကြည်နူးမှုတွေကို ပြန်ပြောင်းတသနဲ့ စိတ်တွေက ဟိုရောက် ဒ်ီရောက်ရယ်ပေါ့။ ချစ်သူများနေ့ဆိုတာ ရည်းစားချစ်မှရယ်မဟုတ်၊ ကိုယ်ချစ်တဲ့လူတွေ၊ သူငယ်ချင်းတွေကို အမှတ်ရတမ်းတတဲ့နေ့ဆိုပြီး အမှတ်တရ ကဒ်လေးပေးခဲ့ဖူးတဲ့ အထက်တန်းကျောင်းတုန်းက ချစ်လှစွာသော သူငယ်ချင်းတယောက်ကိုလည်း ဒီနေ့မှာ မှတ်မှတ်ယယပါ။ ကျွန်မ ဘဝမှာ ပထမဆုံး ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အဲဒိvalentine card နီနီရဲရဲလေးကို ခုထိမြတ်မြတ်နိုးနိုး သိမ်းထားဆဲပါ။

နောက်ထပ်အမှတ်ရစရာ တခုက (1999 ခုနှစ်တုန်းက ထင်ပါရဲ့) ၊ J'donut မှာလည်း ပထမဆုံးအကြိမ် ချစ်သူများနေ့ ကျင်းပမယ်၊ တခြားဆိုင်တွေမှာလည်း ကျင်းပမယ်ဆိုတော့ တွဲသွားစရာ ချစ်သူဆိုတာ က မူးလို့တောင် ရှုစရာမရှိပါဘူး။ ဒါပေမဲ့ ကိစ္စမရှိ၊ ချစ်သော သူငယ်ချင်းတွေရှိတယ်ဆိုပြီး သူငယ်ချင်းလေးယောက် တနေကုန် လျှောက်လည်ခဲ့ဖူးကြတာကိုလည်း မမေ့နိုင်အောင်ပါပဲ။

ရယ်စရာအကောင်းဆုံး ကိစ္စကတော့ မနှစ်ကပါပဲ။ လက်ထပ်ထားတာ တလတောင်မပြည့်သေးတဲ့ ကျွန်မတို့နှစ်ယောက်ကတော့ ညဘက်အပြင်ထွက်လည်ပြီး dinner သွားစားမယ်ပေါ့။ ဒါပေမဲ့ အဲဒိအချိန်မှာ သတိရသွားတာက ဒီနိုင်ငံမှာ ကျွန်မရဲ့အရင်းနှီး၊ အချစ်ခင်ရဆုံး အမကြီးတယောက်ကိုပါ။ သူက တကိုယ်တည်း သမားဆိုတော့ အိမ်မှာ ပျင်းနေရှာမှာပဲဆိုပြီး လှမ်းခေါ်လိုက်ပါတယ်။ သူကလည်း ဒေါသတကြီးနဲ့ကို လိုက်ပါမယ်တဲ့။ သူ့အလုပ်ထဲမှာ လူတိုင်းနီးပါးက သူ့ကို ဒီညဘယ်မှမသွားဖူးလား၊ ခေါ်မဲ့သူမရှိဖူးလားဆိုပြီး စကြလွန်းလို့ သူစိတ်ဆိုးနေတာ။ ကျွန်မတို့ကလှမ်းခေါ်လိုက်တော့ သူလည်း ချက်ချင်းပဲလိုက်လာတာ။ ပြသနာက ဆိုင်ရောက်တော့မှ တက်တာပါ။ ယိုးဒယားစားကြမယ်ဆိုပြီး thai restraunt တခုကိုသွားကြ ပါတယ်။ ခါတိုင်းစားနေကြဆိုင်က အဲဒိနေ့ကမှ ထူးထူးခြားခြား decoration တွေလည်း ပြောင်းထားတယ်။ ဆိုင်ထဲကိုလည်း ဒီအတိုင်းဝင်လို့မရဘူး။ waiter လာခေါ်မှ လိုက်ဝင်လို့ရပါတယ်။ သူပြပေးတဲ့နေရာမှာပဲ ထိုင်ရပါတယ်။ ဝင်ဖို့အရေးတန်းစီနေလိုက်ကြတာလည်း လူတွေက ဆိုင်အပြင်တောင် တော်တော်ရောက်နေပြီ။ ကျွန်မတို့လည်း ဝင်တန်းစီကြတာပေါ့။ အကုန်လုံးက အတွဲတွေချည်းဘဲ။ ထူးထူးခြားခြား ကျွန်မတို့ပဲ သုံးယောက်။ ကျွန်မရဲ့ thousandth man ကလည်း ပြုံးဖြီးဖြီးပေါ့။ ဒီလိုနေ့မျိုးမှာ အကုန်လုံးက အဖော်တယောက်စီပဲ၊ သူကျမှ ဘယ်တယောက် ညာတယောက်ဆိုတော့ ..အင်း ဂုဏ်ယူမယ်ဆို ယူလောက်စရာပါ။ (အမကြီးက ကျွန်မထက် အသက်အများကြီး ကြီးပေမဲ့ မထင်ရလောက်အောင် နုပျိုလှပသူပါ။) ရှေ့က ဝင်သွားတဲ့လူတွေကိုကြည့်တော့ ဝင်ဝင်ချင်း waiter က နှင်းဆီပန်းလေးတပွင့် ပေးပါတယ်။ ပြီးတော့ ထိုင်ရမဲ့ စားပွဲပေါ်မှာလည်း လက်ဆောင်ဗူးလေး တင်ထားပါတယ်။ ကျွန်မတို့အလှည့်လည်း ရောက်ရော waiter လည်း ဘာလုပ်ရမယ်မှန်းမသိ စိတ်ညစ်သွားပုံရပါတယ်။ သူ့ သူဌေးကို အပြေးအလွှား သွားခေါ်တယ်။ အကုန်းလုံး က ကျွန်မတို့ကို ဝိုင်းကြည့်ကြတော့ ရယ်ချင်လိုက်တာအရမ်းပါပဲ။ သူတို့စိတ်ထဲမှာ တော်တော်ထူးဆန်းနေမှာ အသေအချာပါ။ နောက်ဆုံးတော့ သူဌေးရဲ့ ရက်စက်တဲ့ ဆုံးဖြတ်ချက်အောက်မှာ ကျွန်မတို့ နှင်းဆီပန်းရော၊ လက်ဆောင်ရော ဘာမှမရခဲ့ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အရသာရှိတဲ့ အစားအသောက်တွေရယ်၊ ကြည်နူးချမ်းမြေ့စရာ ကောင်းတဲ့ ညလေးတည ရယ် ပိုင်ဆိုင်ခဲ့ဖူးတာကတော့ အသေအချာပါ။

No comments: