Saturday, 18 October 2008
စက်ဝိုင်း --- မစန္ဒာ
“ ပဲပြုတ် တဆယ်သားလည်း တစ်ကျပ်ခွဲ ဖြစ်နေပြီနော်..”
“ ကြာပါပြီ အစ်မရယ် ”
“ ဟိုးအရင်တုန်းက ငါးမူးရယ် ”
“ အရင်ကဈေး လာမပြောနဲ့ အစ်မရေ ၊ ကျွန်မတို့ ဝယ်ရတာကလည်း အရင်ဈေးမဟုတ်ဘူး။ တစ်ပြည်ကို နှစ်ဆယ့်နှစ်ကျပ်ပေးရတယ်။ ပြုတ်လိုက်ရင် နှစ်ပိသာခွဲပဲ ရတာ...”
“ အကောင်လိုက် လေးကျပ် ၊ အခြမ်း လေးကျပ်ခွဲ ”
“ ကြက်ဈေးကလည်း ကြီးလိုက်တာဟယ် ၊ တစ်ပိသာ လေးဆယ် ၊ လေးဆယ့်ငါးကျပ် တဲ့။ ငါ့ယောက်ျား မဟာစာရေးဆရာကြီးရဲ့ တစ်လလုံးရတဲ့ လစာက ကြက် ငါးပိသာ ဖိုးလောက်ပဲ ရှိပါလားဟဲ့ ”
“ ဒိလောက်မှ မရောင်းရင်လည်း မကိုက်ဘူး အစ်မရဲ့ ၊ ကျွန်တော်တို့ယူရတာက သုံးဆယ့်ရှစ်ကျပ်ဈေး ”
“ တစ်ဆယ်သား တစ်ကျပ်ခွဲ ညီမလေးရေ ၊ အစိတ်သား ယူရင်တော့ သုံးကျပ်ခွဲနဲ့ယူ အင်းခရမ်းတွေကွဲ့။ အသားသိပ်များတယ် သိပ်ချိုတယ် ”
“ ခရမ်းချဉ်သီးကလည်း အခုထိ မပေါဘူးနော်။ ခါတိုင်း ဒီချိန်ဆို ပေါလှပြီ ”
“ သြော် အစ်မတို့ ယူရတာကလည်း ခါတိုင်းလို မဟုတ်ဘူး ငါ့ညီမရဲ့။ အခုဈေးက တစ်သေတ္တာကို တစ်ရာ့သုံးဆယ် ၊ ဒါတောင် မနည်း လုယက်ပြီး ယူရတာ ”
“ အဒေါ်ရေ ဟောဒီမှာ ငရုတ်သီးစိမ်း တစ်ပုံယူလိုက်ပြီနော်။ ပိုက်ဆံကို ပစ်ပေးလိုက်မယ် ။ ကန်တော့ ကန်တော့ ”
“ ငရုတ်သီးစိမ်း တစ်ပုံကို ငါးမူး။ တစ်မတ် မဟုတ်ဘူး ”
“ ဟောတော် ဒါလေးတစ်ပုံကို ငါးမူး ဟုတ်လား ”
“ ဟုတ်တယ် ငါးမူးပဲ။ တစ်မတ်ဖိုး ရောင်းလို့ မကိုက်တော့ဘူး။ ကုန်အဝင် ကကို နည်းနေလို့ ”
“ သြော် ”
“ ဟင် ကြက်သွန်က အသစ်လည်းဖြစ် သေးလည်းသေး ဒါတောင် ဆယ့်လေးကျပ်ဈေး ဟုတ်လား ”
“ ဟုတ်တယ် ဟိုဘက် နည်းနည်းကြီးတာက ဆယ့်ခြောက်ကျပ် ”
“ စိတ်ညစ်လိုက်တာ ”
“ စိတ်မညစ်ပါနဲ့ဟယ် ငါတို့လည်းရောင်းရတာ စိတ်ညစ်တာပဲ။ ငါတို့ ဝယ်ရတာကိုက ဈေးကြီးနေတာ ”
“ အင်း ”
--------- -------- -------- ---------
“ ဟယ် နင်ကလည်း လုပ်တော့မယ်။ တစ်ရာကို နှစ်ကျပ်လို့ ။ ဟိုတစ်ခါ ငါဝယ်တုန်းက ငါးမူး ရယ် ”
“ ငါးမူးမရောင်းနိုင်တာ ကြာပါပြီ အန်တီရယ် ”
“ ငါက ခြံထဲ ကျော်ဝင်တဲ့ ခွေးကို ပစ်ချင်လို့သာ ဝယ်ရတာ။ နင့်လောက်စာလုံးကလည်း ဈေးက တတ်ပြီးရင်း တတ်ရင်း ”
“ ဒါကတော့ သူများနည်းတူပေါ့ ခင်ဗျာ ”
“ အံမာ .. ဘာ သူများနည်းတူလဲ။ နင်က ရွှံ့ တစ်ပြည် ဘယ်နှစ်ကျပ်နဲ့ ဝယ်နေရလို့လဲ။ ကုန်တင်ကားတွေ အရောက်နည်းနေလို့ ပစ္စည်းမရှိလို့လား။ ကြက်သွန်လို ရွှံ့သစ် မပေါ်သေးလို့ ရွှံ့ဟောင်းက ဈေးကြီးနေတာလား။ နင်ရွှံ့ခင်း ကရော မိုးဖျက်လို့ ပျက်သွားသလား နှင်းခါးရိုက်လို့ သေသွားသလား ”
“ မဟုတ်ပါဘူး ခင်ဗျာ ”
“ ကဲ ဒါဖြင့် နင်ရွှံ့က ဘာဖြစ်လို့ ဈေးတတ်နေရတာလဲ ပြောစမ်းပါဦး ”
“ ရွှံ့ ကတော့ ဈေးမတတ်ပါဘူးဗျာ
ဒါပေမဲ့ ကျွန်တော် ဆာရင် ရွှံ့ ကို ကိုက်စားလို့မှ မရတာ အန်တီရယ် ”
“ အဲ.. ”
မစန္ဒာ
၁၉၈၇
Labels:
short stories
Subscribe to:
Post Comments (Atom)
No comments:
Post a Comment