Saturday 18 October 2008

အမေ


လွန်ခဲ့သော တနှစ်လောက်က ကျွန်မ နောက်ထပ်အမေတယောက်ကို ထပ်မံပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ကျွန်မနဲ့ တကြိမ်ထဲသာ ဆုံခဲ့ဖူးပေမဲ့ သူ့ပုံရိပ်က ကျွန်မအာရုံထဲမှာ စွဲထင်နေလို့ ဒီနေ့မှာ သူကိုလည်း အမှတ်တရပါ။


သူနဲ့ကျွန်မနဲ့ စတင်တွေ့ဖူးတဲ့အချိန်မှာ ဘယ်လိုပတ်သတ်တော်စပ်ရမယ်ဆိုတာ အတိအကျ မသိနိုင်သေးတဲ့အချိန်ပါ။ ဒါပေမဲ့ သူရဲ့နွေးထွေးတဲ့စေတနာ တွေကိုတော့ အတိအကျ ကျွန်မနားလည်နိုင်ခဲ့ပါတယ်။ ကျွန်မ ရန်ကုန်ကို အလည်ခဏပြန်တုန်း သူသားလူကြုံပေးလိုက်တဲ့ ပစ္စည်းတွေကို ပေးဖို့ သူတို့ဇနီးမောင်နှံနဲ့တွေ့တဲ့အချိန်မှာ သူပထမဆုံး လုပ်တာက ပစ္စည်းတွေထက် ကျွန်မလက်ကို လှမ်းကိုင်ပြီး သူအိမ်ကို အလည်တခါတည်း လိုက်ခဲ့ပါတဲ့။ ဘာပြန်ပြောရမှန်းမသိဖြစ်နေတဲ့ကျွန်မအတွက် လိုက်ပို့တဲ့အစ်ကိုဆီမှာ ထပ်ပြီးခွင့်တောင်းပါတယ်။ သမီးကို အိမ်အလည် ခဏခေါ်သွားပါရစေတဲ့။ အစ်ကိုကတော့ အဆင်ပြေအောင် ပြောတတ်ပါတယ်။ ဒီနေ့မှ ပြန်ရောက်တာမို့ နောက်နေ့ကျမှ လွှတ်လိုက်ပါမယ်တဲ့။ ကျွန်မကိုလည်း သူအိမ်ကို နောက်နေ့အလည်လာဖြစ်အောင်လာဖို့ အထပ်ထပ်အခါခါ မှာ ကြားသွားပါတယ်။

နောက်နေ့ ကျွန်မအလည်သွားတဲ့နေ့မှာ ကျွန်မဘာကြိုက်တတ်မှန်း၊ ဘာစားတတ်မှန်းမသိလို့တဲ့ လုပ်ထားလိုက်တဲ့ မုန့်တွေ စုံနေတာပဲ။ မုန့်တွေအဝကျွေးရုံနဲ့အားမရသေးပဲ သူအိမ်နားမှာ ရှိတဲ့ဆွေမျိုးသားချင်းတွေရော၊ ရပ်ဆွေရပ်မျိုးတွေနဲ့ရော စုံနေအောင်မိတ်ဆက်ပေးပါတယ်။ မိတ်ဆက်သာပေးနေတာ ဘယ်လိုအနေအထားနဲ့ မိတ်ဆက်ပေးရမှန်း မသိဖြစ်နေတဲ့သူက တွေ့သမျှကို “ ဒါ ဟိုကနေ အလည်ခဏပြန်လာတဲ့ သမီးလေ” ဆိုတဲ့စကား အတွင်တွင်သုံးပြီး မိတ်ဆက်ပေးပါတယ်။ တနေကုန်နီးပါး စကားပြောပြီး ညနေစောင်းအိမ်တိုင်ရာရောက် ပြန်ပို့ပေးတဲ့ သူပုံရိပ်က ကျွန်မကြောက်ရွံ့ခဲ့ဖူးတဲ့ တဦးတည်းသောသားတွေရဲ့ အမေ ပုံစံ သိပ်မပေါက်တာတော့ သေချာပါတယ်။

အဲဒိအချိန်တုန်းက ကျွန်မရဲ့ဘာမှန်းမသိသေးတဲ့ လူတယောက် ရန်ကုန်ပြန်လည်ချိန်မှာလည်း ကျွန်မအတွက်ဆိုပြီး အမေသေသေချာချာ ထည့်ပေးလိုက်တဲ့မုန့်တွေ၊ စားစရာတွေအတွက် အတော်လေး ပျော်ရွှင်ကြည်နှူးခဲ့ဖူးတာအသေချာပါ။

နောက်ထပ်နှစ်နှစ်လောက်ကြာတဲ့အခါမှာ တိတိကျကျသေသေချာချာ ပတ်သတ်ရတော့မဲ့အနေအထားတခုကို ရောက်လာပါတော့တယ်။ ကျွန်မအိမ်ကို လာနားဖောက်ချင်တဲ့အကြောင်း အဖေကို အသိပေးတဲ့အခါမှာ အဖေဟာ တော်တော်ကြီး ထိခိုက်ခံစားသွားရပါတယ်။ မိသားစုတွေကို စကားကောင်းကောင်း ပြန်မပြောနိုင်တော့ဘဲ အငယ်ဆုံး သမီးလေးအတွက် စိုးရိမ်ပူပန်စွာ စဉ်းစားခန်းတွေဝင်လိုက်တဲ့အတွက် တော်တော်လေးနေမကောင်းဖြစ်သွားတဲ့အထိပါပဲ။ ကျွန်မမိသားစုတွေလည်း အဖေကို ကြောက်ရသူတွေပီပီ အဲဒိကိစ္စ ဘယ်သူမှ ထပ်မမေးရဲပါဘူး။ နှစ်လလောက်ကြာမှ အဖေပြန်ပြောတဲ့ စကားက သူဖြစ်ချင်တာတွေ လိုက်လျောပေးနိုင်ရင် စကားလက်ခံပြောပါမယ်တဲ့။ ကျွန်မအိမ်ဘက်က အဲဒိလောက် လိုက်လျောရင်ပဲ အတော်ဝမ်းသာကျေနပ်ဖွယ်ကိစ္စမို့ ဘာဆိုဘာမှ ထပ်ပြီး အထွန့်မတက်ရဲပါဘူး။

ကျွန်မအိမ်ဘက်က ပြန်ပြောတဲ့စကားကိုတောင် တဖက်မှာပြန်ပြောဖို့အတော်လေး သတ္တိမွေးရပါသေးတယ်။ ကျွန်မတို့နှစ်ယောက်ကြားမှာ ရှိတဲ့ ကွာခြားချက်အဟန့်အတားကြီးက အတော်လေး ကြီးမားခိုင်ခန့်လွန်းတာမို့ အဆင်ပြေဖို့ဆိုတဲ့ကိစ္စက အတော်လေး မဖြစ်နိုင်တဲ့ကိစ္စပါ။ လိုက်လျောမယ့်သူက လိုက်လျောမဲ့ဟန်ရှိရင်တောင် တောင်းဆိုရမဲ့ကျွန်မက အားနာနေမိပါတယ်။

သူတို့နဲ့ဖုန်းပြောဖို့ သတ္တိမရှိဖြစ်နေတဲ့ကျွန်မကို သူကိုယ်တိုင်ဖုန်းခေါ်ခိုင်းပါတယ်။ ဖုန်းကိုင်ကိုင်ချင်း ဘာပြောရမှန်း ဘယ်လိုခေါ်ရမှန်းမသိဖြစ်နေတဲ့ကျွန်မကို “ သမီး ဘာမှ စိတ်မပူနဲ့။ အမေ အကုန်လုံးအဆင်ပြေအောင် ညှိပေးမယ်။ သမီး မျက်နှာမငယ်ရအောင် အမေ စီစဉ်ပေးမယ် ” ဆိုတဲ့စကားက ကျွန်မကို ဘယ်လောက်အားဖြစ်စေတယ်ဆိုတာ ကျွန်မကိုယ်တိုင်သာအသိဆုံးပါ။ သူပြောတဲ့စကားအတိုင်း အလုပ်နဲ့သက်သေပြသွားတဲ့ သူရဲ့မေတ္တာ၊ စေတနာတွေအတွက် တကယ်ကို ကျေးဇူးအထူးပါ အမေ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မဘဝမှာ သိပ်ကို ချစ်စရာကောင်းတဲ့၊ အကြင်နာမေတ္တာကြီးမားလွန်းတဲ့၊ အမေ သိပ်ပီသတဲ့ အမေနှစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတာ အတော်လေးကျေနပ်ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စပါ။ အမေတွေရဲ့ မေတ္တာတွေကို ခံစားနေရပြီး ကိုယ်က ဘာမှ ပြန်မပေးဆပ်နိုင်သေးတဲ့အတွက်လည်း ကိုယ်ကိုယ်ကို အားမလို၊ အားမရဖြစ်ရတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။

ဒါပေမဲ့ အခုတလော အမေ သိပ်နေမကောင်းဖြစ်နေပါတယ်။ သိပ်စိတ်ထက်ပြီး အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ရမှကျေနပ်တတ်တဲ့ အမေ၊ စိတ်သွားတိုင်း ကိုယ်သိပ်မပါနိုင်လို့ အားမလိုအားမရဖြစ်နေတဲ့အမေကို ဒီနေ့မှာ မေးခွင့်ရမယ်ဆိုရင် စကားလေးတခွန်းမေးချင်ပါတယ်...

မေမေ နေကောင်းလား မေမေ....

No comments: