Saturday 18 October 2008

ခေါင်းဆောင်ကမ္ဘာ ရုပ်ပုံလွှာ















အခုတလော စာရေးဆရာ ထွန်းသစ်ရေးထားတဲ့ ခေါင်းဆောင်ကမ္ဘာ ရုပ်ပုံလွှာ နဲ့ ဇာတ်ခုံကမ္ဘာ ဇာတ်ဆောင်ကမ္ဘာ ဆိုတဲ့ စာအုပ် ၂ အုပ်ကိုဖတ်ပြီး အတွေးတွေ တသီတတန်းကြီး လျှောက်တွေးနေမိတယ်။ နေရာဌာန တိုင်းအတွက် ခေါင်းဆောင် ဆိုတာ အင်မတန် အရေးကြီးတဲ့ သဘောကို ဆောင်ပါတယ်။


အနိမ့်ဆုံး ပြောရရင် ကျွန်မတို့တွေဟာလည်း ကျွန်မတို့ ဘဝတွေကို ဦးဆောင်နေရတဲ့ သူတွေပါ။ ဘဝရဲ့ ခေါင်းဆောင်တွေပါ။ ကျွန်မတို့ ဘဝတွေကို မှန်ကန် တည့်မတ်စွာ ထိန်းကျောင်းနိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်များဆီက သင်ယူနိုင်ပါတယ်။


ဒီနေရာမှာ အရေးကြီးတာက အောင်မြင် ကျော်ကြားတဲ့ သူတွေဟာ ဘယ်လိုလူမျိုးတွေလဲ။ သူတို့တွေ ဘယ်လိုစံ တွေနဲ့ လူတွေအများကြီးကို အုပ်ချုပ်နေလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
မိသားစု အတွင်းမှာလည်း အိမ်ထောင် ဦးစီး ခေါင်းဆောင် ဆိုတာ အရေးပါ အရာရောက် တဲ့ နေရာမှာ တည်ရှိပါတယ်။ သူတို့တွေရဲ့ ပဲ့ပြင် ဆုံးမ ပုံသွင်းမှု တွေဟာ အအုပ်ချုပ်ခံ သားသမီးတွေရဲ့ ဘဝမှာ အတိုင်းအတာ တစ်ခုထိ အကျိုးသက်ရောက်မှုများစွာ ရှိပါတယ်။

အဲထိကနေ တဆင့် တတ်ပြီး စဉ်းစားကြည့်ရင် အုပ်စု၊ အဖွဲ့အစည်း၊ အသင်းအပင်း တွေမှာလည်း ဦးစီးခေါင်းဆောင်လုပ်သူဟာ အင်မတန် အရေးပါ ပါတယ်။ သူ အရည်အချင်း၊ ကြိုးပမ်းမှု၊ စွန့်လွှတ် အနစ်နာခံနိုင်မှု တွေအပေါ် မူတည်ပြီး အသင်းအဖွဲ့အပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိစေလို့ပါပဲ။


ဒီလိုဆိုရင် တိုင်းပြည်တစ်ပြည်ကို တာဝန်ယူ အုပ်ချုပ်ရတဲ့၊ နိုင်ငံသားတွေရဲ့ ဘဝ တွေ၊ အနာဂတ် တွေကို ပုံအပ်ထားတဲ့ နိုင်ငံ ခေါင်းဆောင် ဆိုတဲ့ အနေအထား နဲ့ အရည်အချင်း ဟာ သိပ်ကို အရေးကြီးသွားပါပြီ။ သူတို့ရဲ့ ကြိုးပမ်းမှု၊ အရည်အချင်း ရှိမှု တွေဟာ တိုင်းပြည် အနာဂတ်အတွက် သိပ်ကို အရေးပါ သွားပါပြီ။

အရည်အချင်းရှိတဲ့ ၊ ထက်မြက်တဲ့ ခေါင်းဆောင်မျိုး ဟာ ဘယ်လိုမျိုးလဲ။ ရှိသင့်ရှိထိုက်တဲ့ စိတ်ဓာတ် နဲ့ ခံယူချက် ကရော ဘယ်လိုမျိုးလဲ ။ သူတို့ဟာ တိုင်းပြည်အတွက် ဘာတွေ လုပ်ပေးနိုင်သလဲ ဆိုတာ သိပ်ကို အရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်သွားပါပြီ။


အုပ်ချုပ်တဲ့ ခေါင်းဆောင် ဟာ အရည်အချင်းရှိဖို့ လိုအပ်သလို အအုပ်ချုပ်ခံ ပြည်သူဟာ မှန်ကန်သင့်တော်တဲ့ ခေါင်းဆောင်ကို ရွေးချယ်ပေးနိုင်ဖို့ အသိပညာ ရှိရမယ်လို့ ကျွန်မ ကြားဖူးပါတယ် ။ ကျွန်မ အနေနဲ့လည်း အဲဒိစကားကို အပြည့်အဝ ထောက်ခံပါတယ်။

ကိုယ်ခေါင်းဆောင်တွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ခေါင်းဆောင်တွေအကြောင်းလည်း သိထား မှတ်ထားဖို့ လိုတာပေါ့။ သူတို့ရဲ့ သမိုင်းတွေထဲမှာ မှားတာတွေ ပါတယ်။ မှန်တာတွေလည်း ရှိတယ်။ လူတော်တွေ ဆိုပေမဲ့ ကောင်းတဲ့သူ ရှိသလို ရှော်တဲ့ အကြောင်းအရာတွေလည်း အများကြီး ရှိနိုင်ပါတယ်။ တိုင်းပြည်အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်များမို့ သူတို့ရဲ့ အမှားတွေအတွက် တိုင်းပြည်ဘက်က ပေးဆပ်ရတာတွေ၊ လျော်ကြေးတွေ ဟာလည်း ကြီးတတ်ပါတယ်။


ပထမ စာအုပ်မှာ ပါဝင်တဲ့ ခေါင်းဆောင်တွေကတော့
1. လစ်ဗျား မှ ကဒါဖီ
2. ထိုင်း မှ ဘုရင် ဘူမီတော အဒူယာဒက်
3. ဘရူနိုင်း မှ ဘုရင် ဟက်ဆန်နာ ဘိုခီးယား
4. စင်ကာပူ မှ ဂိုချောက်ထောင်
5. ကမ္ဘောဒီးယား မှ ဘုရင် သီဟာနု
6. တရုတ် မှ ကျန်ဇီမင်း
7. ဆော်ဒီအာရေဗျ မှ ဘုရင် ဖာဒ့် အီဘင် အဗဒူအဇစ်
8. အင်္ဂလန် မှ တိုနီဘလဲ
9. ဆီးရီးယား မှ ဟာဖက်စ် အယ်လ် အာဆတ်
10. ဂျာမနီ မှ ဟဲလ်မွတ် ခိုးလ်
11. ယူဂိုဆလားဗီးယား မှ မီလိုဆီဗစ်
12. ဘော့စနီးယား မှ ရာဒိုပန် ကာရာဇစ်
13. အစ္စရေး မှ ဘင်ဂျမင် နေတာညာဟူ
14. ဂျော်ဒန် မှ ဘုရင်ဟူစိန်
15. ကုလသမဂ အတွင်းရေးမှုးချုပ် ကိုဖီအာနန်
16.ဟောင်ကောင် မှ ဟုန်ချီဟွာ တို့ပဲ ဖြစ်ပါတယ်။



နောက်တစ်အုပ်မှာတော့
1. ဖိလစ်ပိုင် မှ ဂျိုးဇက် အီရက်ပ် အက်စ်ထရာဒါ
2. ကမ္ဘောဒီးယား မှ ဆမ်ဒက်ခ်ျ ဟွန်ဆန်
3. တောင်ကိုရီးယား မှ ကင်ဒေးဂျုံ
4. မြောက်ကိုရီးယား မှ ကင်ဂျုံအီ
5. ကွန်ဂို မှ လောရင့် ကဘီလာ
6. ကင်ညာ မှ ဒင်နီယယ် အရပ် မွိုင်
7. မလေးရှား မှ ဒေါက်တာ ဓာတု သီရိ မဟာသီ ဘင် မိုဟာမက်
8. တရုတ် မှ ကျူရောင်ဂျိ
9. တောင်အာဖရိက မှ နယ်လ်ဆင် မင်ဒဲလား
10. တောင်အာဖရိက မှ သာဘို ဘမ်ဘီကီ
11. ပါကစ္စတန် မှ ဗိုလ်ချုပ်ကြီး ပါဗက်ဇ် မူရှာရက်ဖ် တို့ ပါဝင်ပါတယ်။
...
အောင်မြင်သော ဘဝပိုင်ရှင် ခေါင်းဆောင်များ အဖြစ်သို့...
ထိုမှတဆင့် အောင်မြင်သော အနာဂတ် တိုင်းပြည် ခေါင်းဆောင်များ ဆီသို့...

No comments: