ကျွန်မရဲ့ အာရုံထဲမှာ သေခြင်းတရားနဲ့ပတ်သတ်ရင် စွဲစွဲထင်ထင်အရှိဆုံး စာအုပ်တအုပ်ပါ။ဒါပေမဲ့ သေခြင်းတရားနဲ့ပတ်သတ်ပြီး ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်တော့မဟုတ်ပါဘူး။ ပထမဆုံးဖတ်ခဲ့ဖူးတဲ့စာအုပ်က ချစ်စံဝင်းရဲ့ ဤခရီးနီးသလား ဆိုတဲ့စာအုပ်ပါ။ အရွယ်ခပ်ငယ်ငယ်မှာ ဖတ်ဖူးတော့ စာရေးသူပေးလိုတဲ့ ဆိုလိုရင်းကိုသိပ်မရဘဲ မန္တလေးကျုံးဘေးမှာ အပြေးကျင့်နေကြတဲ့ လူတစုလောက်ကိုဘဲ အာရုံထဲ စွဲနေပါ တယ်။ ဒုတိယစာအုပ်ဖြစ်တဲ့ “နံရံ၏အခြားတစ်ဘက်” ကျတော့ သုတရော၊ ရသပါ စုံလင်တာကတစ်ကြောင်း၊ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ပဲ ဆိုရမလားမသိ ကျွန်မအရမ်းကို နှစ်သက်လေးစားရတဲ့ စာရေးဆရာမဖြစ်တာက တစ်ကြောင်း တော်တော်လေးကို မှတ်မှတ်ထင်ထင်ဖြစ်မိပါတယ်။
နောက်ပြီး ဇာတ်ကောင်ကိုယ်တိုင်က လူငယ်မိန်းကလေးတယောက်ဖြစ်နေတာက ကျွန်မစိတ်ကို ပိုဖမ်းစားနိုင်တယ်လို့ ထင်ပါတယ်။ အဲဒီစာအုပ်လေးကို ပြန်ဖတ်တိုင်းလဲ သေခြင်းတရား နဲ့ အသက်ရှင်နေထိုင်မှုကြားမှာ အတွေးတွေ ဗရပွနဲ့ ရှုပ်ထွေးခဲ့ရတဲ့အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။ နှောင်းခင်ဇော်ရဲ့ သေခြင်းတရားအတွက် ရင်ဆိုင်နေရတဲ့ သောကတွေ၊ ဒေါက်တာအောင်စည်နှင့် မသီသီ ကြားက အယူအဆခြားနားချက်တွေက ပြန်ဖတ်လိုက်တိုင်း ဘယ်တော့မှရိုးမသွားဘဲ အတွေးသစ်တွေပဲ ထပ်ပေးပါတယ်။
နှောင်းမေးခဲ့တဲ့ မေးခွန်းလေးရဲ့အဖြေကို တကယ်ပဲ ကျွန်မလည်း သိချင်ပါတယ်။
“ ဆရာ ဟိုဘက်မှာ ဘာရှိတယ်ဆိုတာ နှောင်း မသိဘူး။
နှောင်းမြင်နေရတဲ့ နံရံကြီးရဲ့ အပြင်ဘက်လေ၊ အဲဒီမှာ ဘာရှိလဲဟင်...” တဲ့။
မမြင်ရတဲ့ ဘေးအန္တရာယ်ရဲ့ ကံကြမ္မာဆိုးတွေ အကြောင်းကို ဂျူးရဲ့ “ ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ” စာအုပ်မှာလည်း ဒီလိုလေး ပြောထားပါသေးတယ်။
“ ကိုယ့်ကြမ္မာ ကိုယ်မြင်နိုင်စွမ်း မရှိနေတာ စိတ်သက်သာစရာအဖြစ်လား၊ ကံကြမ္မာကို ကာကွယ်လို့မရသေးတာ ချောက်ချားစရာမဟုတ်ဘူးလား ...”
ဆိုတဲ့ စကားလေးက ကျွန်မရဲ့အတွေးတွေကို ပိုမိုနက်ရှိုင်းစေပါတယ်။
ဒီထပ်ပိုပြီး ထပ်တွေးမိတာက ဟာသမြောက်တဲ့ လူ့သဘော သဘာဝ ကိုပါ။သေခြင်းတရားဆိုတာ တချိန်ကျရင် မလွဲမသွေ ကိုယ်ဆီကို တည့်တည့်ကြီးရောက်လာမယ်ဆိုတာ သိထားရက်နဲ့ ကိုယ်နဲ့မဆိုင်သလို ခပ်တည်တည် မေ့မေ့လျော့လျော့ နေနိုင်တဲ့ သဘာဝကိုပါ။ လောကကြီးမှာ လူတွေအဆီငေါ် မတည့်မှုတွေ၊ နိုင့်ထက်ဆီးနင်းမှုတွေ၊ မတရား ကျင့်ကြံမှုတွေ တွေ့တိုင်း စိတ်ထဲကနေ အဲဒီလူတွေကို အော်ဟစ်ပြီး မေးလိုက်ချင်ပါတယ်။ “ ရှင်တို့မကြောက်ကြဘူးလား ” လို့။
ဒါမှမဟုတ် သူတို့ကြောက်တဲ့အရာနဲ့ ကျွန်မကြောက်တဲ့အရာပဲ မတူလေလို့လားမသိ လို့သူတို့ဘက်ကလည်း တွေးမိပါတယ်။ ကျွန်မစိတ်ထင် သူတို့က ပစ္စုပ္ပန်မှာ ကိုယ်၊ စိတ် နှစ်ပါး ဆင်းရဲကျပ်တည်းမှာကို ကြောက်ကြတယ် ထင်ပါရဲ့။
ကျွန်မကတော့ ငယ်ငယ်ထဲက သွန်သင်ဆုံးမမှုတွေနဲ့ အစွဲတွေကြောင့်ပဲလား၊ ဘာသာတရားတွေရဲ့ ပြောဆိုညွှန်ကြားချက်တွေကြောင့်ပဲလား မသိ ကျွန်မလိုက်မမှီနိုင်တဲ့၊ မသိနိုင်တဲ့ သေပြီးနောက်ဆိုတာထက် မသေခင်အချိန်မှာ မကောင်းတာလုပ်ခဲ့ဖူးရင် ပြန်ခံစားရမယ်ဆိုတဲ့ ဆင်းရဲဒုက္ခတွေနဲ့ ပူလောင်မှု နောင်တတွေကို ပိုကြောက်ပါတယ်။ အဲဒိအချိန်မှာ အိုမင်းမစွမ်း ဆိုတာတွေ၊ ရောဂါဝေဒနာဆိုတာတွေ က မလှုပ်နိုင်လောက်အောင် အခိုင်ခန့်ဆုံး ချည်နှောင်ထားပြီးမှ ခံစားရမယ်ဆိုတာက တွေးကြည့်ရုံနဲ့ ကြက်သီးထလောက်ပါတယ်။ အဲဒိတော့ ကျွန်မနေထိုင်ခဲ့တဲ့ သက်တမ်းတလျှောက် “သူများကိုလုပ်မိလို့ ကိုယ်ပြန်ခံရတယ်ဆိုတဲ့နောင်တ”မျိုး မကျန်ရလေအောင် အတတ်နိုင်ဆုံး သတိထားရှောင်ကြဉ်ပါတယ်။ ဒီကြားထဲကမှ မရှောင်လွှဲသာလို့ ကြုံတွေ့လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်ဆိုး ဆိုရင်လည်း အသက်ရှင်စဉ်မှာ ကောင်းမွန်ရဲရင့်စွာ နေထိုင်ခဲ့ဖူးရင် အသေရဲမယ်လို့ ထင်ပါတယ်။
ကျွန်မမှတ်သားဖူးတဲ့ စာလေးတပိုဒ်အရ ဆိုရင်
“လူရဲ့လုပ်ဆောင်ချက် ဟူသမျှဟာမိမိကိုယ်ကို ချစ်ခြင်းတည်းဟူသောအတ္တမှပေါ်ထွက်လာတယ် ” တဲ့။
အဲဒိစကားအတိုင်းဆိုရင်တော့ ကျွန်မလိုအတွေးမျိုးနဲ့ မကောင်းတာရှောင်ကြဉ်တာဆိုရင် ကိုယ်ပြန်ခံရမှာ ကြောက်လို့ ဆိုတဲ့ အတ္တကြောင့်ထင်ပါရဲ့။
No comments:
Post a Comment