Showing posts with label burmese novel. Show all posts
Showing posts with label burmese novel. Show all posts

Saturday, 18 October 2008

ကြယ်ကြွေတို့ရဲ့ အတောင်ပံ













...မင်းရဲ့ကလေးတွေဟာ မင်းရဲ့ကလေးတွေမဟုတ်ဘူး
သူတို့ဟာ ဘဝရဲ့ကိုယ်တိုင်မွတ်သိပ်မှုရဲ့ သားသမီးတွေပဲဖြစ်တယ်
မင်းခန္ဒာကိုယ်ထဲကဖြတ်ပြီး သူတို့လူလောကထဲကို ရောက်လာကြတယ်။ ဒါပေမဲ့ အဲဒါ မင်းဆီကနေ ရောက်လာတာမဟုတ်ဘူး

မင်းသူတို့နဲ့ အတူရှိနေပေမဲ့ သူတို့ကို မင်းမပိုင်ဘူး
သင်က သူတို့ကို ချစ်ခြင်းမေတ္တာပေးအပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ သင့်အတွေးတွေကို မပေးနိုင်ဘူး။ သူတို့မှာ ကိုယ်ပိုင်အတွေးတွေ ရှိနေလို့


သင်သူတို့၏အိမ်တွေကို ဆောက်ပေးနိုင်လိမ့်မယ်။ သို့သော် သူတို့၏ နာမ်ဝိဥာဉ် တွေကို ဆောက်မပေးနိုင်



မေမေ
လောကကြီးမှာ ကြွေသွားပြီးတဲ့ပန်းတွေ အများကြီး
အဲဒိထဲမှာ ပန်းပြန်ပွင့်တဲ့ပန်း မရှိဘူးထင်လို့လား
တချို့ပန်းတွေက တစ်စစီ ဖဲ့ကျွေခံလိုက်ရပေမဲ့ ပန်းပြန်ပွင့်နိုင်တဲ့ သတ္တိတွေရှိတယ်


ချစ်သော ဝေလွင်

ခါလိဂျီဘရန်က ပြောခဲ့ဖူးတယ်။ နာကျင်မှုတော်တော်များများဟာ တို့တွေကိုယ်တိုင် ရွေးချယ်ယူခဲ့တာဖြစ်တယ် တဲ့။
တို့လူသားတွေရဲ့ စိတ်ဝိဥာဉ်ဆိုတာက မကြာခဏဆိုသလို စစ်တလင်းတစ်ခုဖြစ်နေတတ်တယ်။ ကိုယ်တို့ရဲ့ အလိုရမက်တွေ၊ မွတ်သိပ်မှုတွေကို ဆင်ခြင်တုံတရားတွေ စီရင်ချက်တွေနဲ့ ခုခံတိုက်ခိုက်နေရတဲ့ စစ်မြေပြင်ပေါ့။

ဆင်ခြင်တုံတရားနဲ့ အလိုရမက်ဟာ စိတ်ဝိဥာဉ်ပင်လယ်ပြင်ခရီးမှာ တတ်မနဲ့ ရွက်ပမာ တူတယ်။
တတ်နဲ့ရွက် တစ်ခုခုပျက်ရင် ကိုယ်တို့လွင့်စင်မျောပါသွားမှာပဲ။

ဆင်ခြင်တုံတရားတစ်ခုတည်းနဲ့ဆိုရင် ဒါဟာအတင်းအဓမ္မ အကျဉ်းကျခံနေရသလိုပဲ။ အလိုရမ္မက်နဲ့ချည်းဆိုရင်လဲ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်မယ့် မီးတောက်မီးလျှံပဲ။ ဒီနှစ်ခုကို ဟန်ချက်ညီအောင် ထိန်းတတ်ဖို့ ကြိုးစားကြရမှာပါပဲ။

ဝေလွင်မရှိတော့တဲ့ ကိုယ်ရဲ့ကမ္ဘာဟာ ငရဲတစ်ခုပါပဲ။ အဲဒိ ငရဲကို ကိုယ်တိုင် ဖန်းဆင်းယူခဲ့တာပါ။

မေတ္တာဖြင့်

မင်းဥာဏ်

အချစ်ဖြင့် လောင်ကျွမ်းတောက်ပကြသူများ


ဆရာ ချစ်ဦးညိုရဲ့စာတွေကို လင်္ကာဒီပချစ်သူ ဖတ်ဖူးပြီးထဲက လေးစားနှစ်သက် သဘောကျခဲ့တာပါ။ ကျွန်တော် သမိုင်းဆရာမဟုတ်ပါဘူး။ ဝတ္ထုရေးသူ ပါဆိုပြီး ခံစားတင်ပြသွားတဲ့ ဆရာပါ။ ဒီစာအုပ်ကတော့ နာမည်လေးနဲ့တင် နှစ်ခြိုက်သဘောကျသွားတယ်။ ဝတ္ထုတစ်ပုဒ်လို့ ထင်လိုက်ပေမဲ့ အချစ်ကြီးကြသူခြောက်ယောက်အကြောင်း ( ဆရာအဆိုအားဖြင့် အချစ်ဖြင့်လောင်ကျွမ်းတောက်ပသူတွေအကြောင်း ) ကို စုစည်းတင်ပြထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာရဲ့ တင်ပြပုံ စိတ်ကူးလေးတွေက အင်မတန်နှစ်သက်စရာကောင်းပါတယ်။
ပြီးတော့ အချစ်ဆိုတာကိုလည်း ဒီလိုအနက်ဖွင့်ပြသေးတယ်။ မေတ္တာကို ချစ်ခြင်းဟု အနက်ပြသကဲ့သို့ ပေမဟူသော ပါဌ် ကိုလည်း ချစ်ခြင်းဟုပင် အနက်ပေးကြသည်။ ပေမအရ ချစ်ခြင်းကို သုံးမျိုး ပိုင်းခြားသည်။
တဏှာပေမ သည် ယောက်ျားနှင့် မိန်းမအချင်းချင်း တဏှာလောဘ၏အစွမ်းဖြင့် ချစ်ခြင်းဖြစ်သည်။ အလင်္ကာကျမ်းက ဒါကို သိင်္ဂါရဟု ခေါ်သည်။
ဂေဟသိတပေမ သည် မိဘနှင့် သားသမီး၊ ညီအစ်ကို၊ မောင်နှင့် နှမ စသည်တို့အကြား အချင်းချင်းခင်တွယ်မှုဖြစ်သည်။
မေတ္တာပေမ အလင်္ကာကျမ်းအရ ဂစ္ဆလမေတ္တာပေမ ကား အခြားတစ်ပါးသူ၏ အကျိုးစီးပွား ဖြစ်ထွန်းမှုကို လိုလားခြင်း၊ မခွာမခွဲ အမြဲအတူနေလိုခြင်းသဘောမရှိဘဲ ဝေးကွာ နေရစေကာမူ ထိုဝေးကွာနေသူမှာ စီးပွားချမ်းသာဖြစ်သည်ဟုသိရလျှင် ကျေနပ်သည်။ အတူမနေရခြင်းအတွက် ခက်ခဲဝန်လေးခြင်းမရှိ။ စင်ကြယ်မွန်မြတ်သော သဘောဖြစ် ဗြဟ္မဝိဟာရ အမည်ကို ရသည်။
အဲသည့်နောက် လောင်ကျွမ်းတောက်ပသူ တစ် အနေဖြင့် နော်မန်သူကောင်းမျိုး တစ်ယောက်ဖြစ်တဲ့ ဆာဘရိုင်ယန် ဒီဘိုးဂီးလ်ဘတ် အကြောင်းဖြင့် စတင်ပါတယ်။ ဂျူးအနွယ်တို့သည် ခရစ်ယာန်သာသနာ၏ ဆူးငြှောက်ခလုပ် ဟုနားလည် ထားလျက်ကမှ ဂျူးမလေး ရေဘက်ခါကိုမှ ချစ်မိသည့်အဖြစ်။ အချစ်အတွက် ကြေကွဲသေပွဲ ဝင်ရသည့်အကြောင်းကို ဆရာက လှလှပပ ဖော်ကျူးတင်ပြထားတာပါ။
လောင်ကျွမ်းတောက်ပသူ နှစ် ကတော့ စူဠသုဘဒ္ဒါမိဖုရား။ ဖန်တရာတေနေပေမဲ့ ဘယ်တော့မှမရိုးတဲ့အဖြစ်။
ပန်းခိုင်လု၍ ကယုကယင် ချစ်တုံ့တင်လျက် ကျင်ကျင်လည်း ပျော်ဖူးခဲ့သည်များကို ကြံသည်စေ့စေ့ တစိမ့်စိမ့် အောက်မေ့၍ တငွေ့ငွေ့ဆင်ခြင် ပူစကိုငင်မိလျှင်.......ဆိုပြီး ကြေကြေကွဲကွဲ အဆုံးသတ်ထားပါတယ်။


လောင်ကျွမ်းတောက်ပသူ သုံး ကတော့ ဂေါ်ကီရဲ့ သစ္စာဖောက်တစ်ဦး၏အမေ ပါ။ ကိုယ်ကြီးပြင်းနေထိုင်ခဲ့တဲ့မြို့ကို အငြိုးတကြီးတိုက်ခိုက်ချေမှုန်းချင်နေတဲ့သားတစ်ယောက်ကို ဆုံးမသုတ်သင်လိုက်တဲ့အမေတစ်ယောက်အကြောင်းပါ။ အဆုံးသတ်လေးက “ မိမိကိုယ်မိမိချစ်သော၊ သားကိုချစ်သော၊ အမျိုးကိုချစ်သော ကိုယ်မြေကိုယ်ရေ ကိုယ်လေကို ချစ်သောအမေ့အချစ်၊ အမေမေတ္တာ ထိုချစ်ခြင်းမေတ္တာတို့၏ လောင်ကျွမ်းမှုဖြင့် သစ္စာဖောက်၏မိခင်သည် အလင်းထိန်ဆုံး တောက်ပနေတော့သည် ” တဲ့။

လောင်ကျွမ်းတောက်ပသူ လေး ကတော့ ရှယ်လီ၏ ပရိုမီးသီးယပ် ပါ။လူသားတွေအတွက် မီးကိုသယ်ဆောင်လာပေးတဲ့ ပရိုမီးသီးယပ်၏ မေတ္တာအင်အားကလည်း ကြီးမားလှပါသည်။ “ ဝိဇ္ဖာအလင်းကို ချစ်ခြင်း၊ လူသားတို့ကို ချစ်ခြင်း၊ ကမ္ဘာလောကကိုချစ်ခြင်းတကာတို့၏ အထွက်အထိပ်ဖြစ်သော မဟာမေတ္တာဝါဒီ ပရိုမီးသီးယပ်နတ်သားသည် အချစ်ကဗျာဆရာ ရှယ်လီထွန်းညှိကူးဖြန့်ပေးလိုက်သော အချစ်တို့ဖြင့် လောင်ကျွမ်းတောက်ပနေတော့မည်သာ” လို့ ဆရာက အဆုံးသတ်ထားပါတယ်။


လောင်ကျွမ်းတောက်ပသူ ငါး ကတော့ နရသီဟပတေ့ ရယ်ပါ။ ထီးနန်းစည်းစိမ်ကို အလိုက်သင့်ပိုင်စိုးခဲ့ပြီးနောက် စည်းစိမ်ယစ်မူးကာ အပျော်အပါးမက်မောစွာ အမျက်စောင်မာန်ကြီးစွာ ရာဂကာမဂုဏ်ထူပြောစွာ အသိဥာဏ်ကင်းပစွာ ရှင်သန်ခဲ့သော နရသီဟပတေ့သည် အဝိဇ္ဖာပိတ်ဖုံးသောအချစ်ဖြင့် လောင်ကျွမ်းတောက်ပနေတဲ့အကြောင်းကို ဖွဲ့နွဲ့ပြထားတာပါ။


လောင်ကျွမ်းတောက်ပသူ ခြောက် ကတော့ သူရဲကောင်း ရာဇာဓိရာဇ် ပါ။ သူဘဝတစ်လျှောက်က စစ်ပွဲ၊ ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးတွေအကြောင်းကို အဝါရောင်မီးတောက်၊ အနီရောင်မီးတောက်၊ အဖြူရောင်မီးတောက်ဆိုပြီး ခွဲခြားတင်ပြသွားပါတယ်။


အားလုံးပဲ ချစ်ခြင်းအားဖြင့် ငြိမ်းချမ်းနိုင်ကြပါစေ။

သေခြင်း၏ အခြားတစ်ဘက်


ကျွန်မရဲ့ အာရုံထဲမှာ သေခြင်းတရားနဲ့ပတ်သတ်ရင် စွဲစွဲထင်ထင်အရှိဆုံး စာအုပ်တအုပ်ပါ။ဒါပေမဲ့ သေခြင်းတရားနဲ့ပတ်သတ်ပြီး ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်တော့မဟုတ်ပါဘူး။ ပထမဆုံးဖတ်ခဲ့ဖူးတဲ့စာအုပ်က ချစ်စံဝင်းရဲ့ ဤခရီးနီးသလား ဆိုတဲ့စာအုပ်ပါ။ အရွယ်ခပ်ငယ်ငယ်မှာ ဖတ်ဖူးတော့ စာရေးသူပေးလိုတဲ့ ဆိုလိုရင်းကိုသိပ်မရဘဲ မန္တလေးကျုံးဘေးမှာ အပြေးကျင့်နေကြတဲ့ လူတစုလောက်ကိုဘဲ အာရုံထဲ စွဲနေပါ တယ်။ ဒုတိယစာအုပ်ဖြစ်တဲ့ “နံရံ၏အခြားတစ်ဘက်” ကျတော့ သုတရော၊ ရသပါ စုံလင်တာကတစ်ကြောင်း၊ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ပဲ ဆိုရမလားမသိ ကျွန်မအရမ်းကို နှစ်သက်လေးစားရတဲ့ စာရေးဆရာမဖြစ်တာက တစ်ကြောင်း တော်တော်လေးကို မှတ်မှတ်ထင်ထင်ဖြစ်မိပါတယ်။

နောက်ပြီး ဇာတ်ကောင်ကိုယ်တိုင်က လူငယ်မိန်းကလေးတယောက်ဖြစ်နေတာက ကျွန်မစိတ်ကို ပိုဖမ်းစားနိုင်တယ်လို့ ထင်ပါတယ်။ အဲဒီစာအုပ်လေးကို ပြန်ဖတ်တိုင်းလဲ သေခြင်းတရား နဲ့ အသက်ရှင်နေထိုင်မှုကြားမှာ အတွေးတွေ ဗရပွနဲ့ ရှုပ်ထွေးခဲ့ရတဲ့အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။ နှောင်းခင်ဇော်ရဲ့ သေခြင်းတရားအတွက် ရင်ဆိုင်နေရတဲ့ သောကတွေ၊ ဒေါက်တာအောင်စည်နှင့် မသီသီ ကြားက အယူအဆခြားနားချက်တွေက ပြန်ဖတ်လိုက်တိုင်း ဘယ်တော့မှရိုးမသွားဘဲ အတွေးသစ်တွေပဲ ထပ်ပေးပါတယ်။
နှောင်းမေးခဲ့တဲ့ မေးခွန်းလေးရဲ့အဖြေကို တကယ်ပဲ ကျွန်မလည်း သိချင်ပါတယ်။
ဆရာ ဟိုဘက်မှာ ဘာရှိတယ်ဆိုတာ နှောင်း မသိဘူး။
နှောင်းမြင်နေရတဲ့ နံရံကြီးရဲ့ အပြင်ဘက်လေ၊ အဲဒီမှာ ဘာရှိလဲဟင်...” တဲ့။

မမြင်ရတဲ့ ဘေးအန္တရာယ်ရဲ့ ကံကြမ္မာဆိုးတွေ အကြောင်းကို ဂျူးရဲ့ “ ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ” စာအုပ်မှာလည်း ဒီလိုလေး ပြောထားပါသေးတယ်။
ကိုယ့်ကြမ္မာ ကိုယ်မြင်နိုင်စွမ်း မရှိနေတာ စိတ်သက်သာစရာအဖြစ်လား၊ ကံကြမ္မာကို ကာကွယ်လို့မရသေးတာ ချောက်ချားစရာမဟုတ်ဘူးလား ...”
ဆိုတဲ့ စကားလေးက ကျွန်မရဲ့အတွေးတွေကို ပိုမိုနက်ရှိုင်းစေပါတယ်။

ဒီထပ်ပိုပြီး ထပ်တွေးမိတာက ဟာသမြောက်တဲ့ လူ့သဘော သဘာဝ ကိုပါ။သေခြင်းတရားဆိုတာ တချိန်ကျရင် မလွဲမသွေ ကိုယ်ဆီကို တည့်တည့်ကြီးရောက်လာမယ်ဆိုတာ သိထားရက်နဲ့ ကိုယ်နဲ့မဆိုင်သလို ခပ်တည်တည် မေ့မေ့လျော့လျော့ နေနိုင်တဲ့ သဘာဝကိုပါ။ လောကကြီးမှာ လူတွေအဆီငေါ် မတည့်မှုတွေ၊ နိုင့်ထက်ဆီးနင်းမှုတွေ၊ မတရား ကျင့်ကြံမှုတွေ တွေ့တိုင်း စိတ်ထဲကနေ အဲဒီလူတွေကို အော်ဟစ်ပြီး မေးလိုက်ချင်ပါတယ်။ “ ရှင်တို့မကြောက်ကြဘူးလား ” လို့။
ဒါမှမဟုတ် သူတို့ကြောက်တဲ့အရာနဲ့ ကျွန်မကြောက်တဲ့အရာပဲ မတူလေလို့လားမသိ လို့သူတို့ဘက်ကလည်း တွေးမိပါတယ်။ ကျွန်မစိတ်ထင် သူတို့က ပစ္စုပ္ပန်မှာ ကိုယ်၊ စိတ် နှစ်ပါး ဆင်းရဲကျပ်တည်းမှာကို ကြောက်ကြတယ် ထင်ပါရဲ့။

ကျွန်မကတော့ ငယ်ငယ်ထဲက သွန်သင်ဆုံးမမှုတွေနဲ့ အစွဲတွေကြောင့်ပဲလား၊ ဘာသာတရားတွေရဲ့ ပြောဆိုညွှန်ကြားချက်တွေကြောင့်ပဲလား မသိ ကျွန်မလိုက်မမှီနိုင်တဲ့၊ မသိနိုင်တဲ့ သေပြီးနောက်ဆိုတာထက် မသေခင်အချိန်မှာ မကောင်းတာလုပ်ခဲ့ဖူးရင် ပြန်ခံစားရမယ်ဆိုတဲ့ ဆင်းရဲဒုက္ခတွေနဲ့ ပူလောင်မှု နောင်တတွေကို ပိုကြောက်ပါတယ်။ အဲဒိအချိန်မှာ အိုမင်းမစွမ်း ဆိုတာတွေ၊ ရောဂါဝေဒနာဆိုတာတွေ က မလှုပ်နိုင်လောက်အောင် အခိုင်ခန့်ဆုံး ချည်နှောင်ထားပြီးမှ ခံစားရမယ်ဆိုတာက တွေးကြည့်ရုံနဲ့ ကြက်သီးထလောက်ပါတယ်။ အဲဒိတော့ ကျွန်မနေထိုင်ခဲ့တဲ့ သက်တမ်းတလျှောက် “သူများကိုလုပ်မိလို့ ကိုယ်ပြန်ခံရတယ်ဆိုတဲ့နောင်တ”မျိုး မကျန်ရလေအောင် အတတ်နိုင်ဆုံး သတိထားရှောင်ကြဉ်ပါတယ်။ ဒီကြားထဲကမှ မရှောင်လွှဲသာလို့ ကြုံတွေ့လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်ဆိုး ဆိုရင်လည်း အသက်ရှင်စဉ်မှာ ကောင်းမွန်ရဲရင့်စွာ နေထိုင်ခဲ့ဖူးရင် အသေရဲမယ်လို့ ထင်ပါတယ်။

ကျွန်မမှတ်သားဖူးတဲ့ စာလေးတပိုဒ်အရ ဆိုရင်

လူရဲ့လုပ်ဆောင်ချက် ဟူသမျှဟာမိမိကိုယ်ကို ချစ်ခြင်းတည်းဟူသောအတ္တမှပေါ်ထွက်လာတယ် ” တဲ့။

အဲဒိစကားအတိုင်းဆိုရင်တော့ ကျွန်မလိုအတွေးမျိုးနဲ့ မကောင်းတာရှောင်ကြဉ်တာဆိုရင် ကိုယ်ပြန်ခံရမှာ ကြောက်လို့ ဆိုတဲ့ အတ္တကြောင့်ထင်ပါရဲ့။

ကချေသည်မလေးများ













တာရာမင်းဝေ ရဲ့ စာအုပ်တွေထဲမှာ ဒီစာအုပ်ကို အကြိုက်ဆုံးလို့တောင် ပြောလို့ရပါတယ်။
ဖတ်လိုက်တိုင်း ဘယ်တော့မှ ရိုးမသွားဘဲ အင်အားတွေ အမြဲတမ်းပေးတဲ့ စာအုပ်လေးပါ။


မြတ်ငြိမ်း ဘာသာပြန်တဲ့စာအုပ်ကို ဖတ်ဖူးတော့မှ တာရာမင်းဝေ ဟာ ဇာတ်လမ်းကြောရိုးကို နည်းနည်းများ မှီငြမ်းသလားလို့ ထင်မိပါတယ်။ ဒါပေမဲ့ နှစ်အုပ်လုံးဟာ အရသာတမျိုးစီနဲ့ တကယ်ကိုကောင်းတဲ့ စာအုပ်တွေပါ။


ငယ်ငယ်ထဲက တာရာမင်းဝေရဲ့ ကချေသည်မလေးဂျူနို ကို စွဲလန်းခဲ့ရသလို မြတ်ငြိမ်းရဲ့ ကချေသည်မလေး ဆာရာ ကလည်းတော်တော်နှစ်သက်စရာကောင်းလှပါတယ်။ သူတို့နှစ်ယောက်လုံး ကျွန်မကို ဘယ်လောက်တောင် စွဲဆောင်လိုက်နိုင်သလဲဆိုရင် သူတို့ဝိဥာည်တွေ၊ စိတ်ဓာတ်တွေဟာ ကျွန်မရဲ့သွေးထဲကို စီးဆင်းလာသလို ခံစားရပြီး သူတို့နဲ့အတူတူ မဆုံးတမ်း မမောတမ်း ကချင်နေမိတဲ့ အထိပါပဲ။


သိပ္ပံပညာက တို့လူသားတွေကို ကျောက်ခဲတွေပေးခဲ့တယ်။ လူသားတွေကလည်း အဲဒီကျောက်ခဲတွေနဲ့ မြို့တည်လိုက်တယ်။ဒါပေမဲ့ ဘာမြို့လဲ၊ ဘယ်လိုမြို့လဲဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး.....



အရှေ့ဘက်မြို့ရိုးမှာတော့ သူ့နာမည် သူထိုးထားလိမ့်မှာပေါ့


ခုထိတော့ ဖတ်လို့မရသေးဘူး


မိုးကြီးရွာရမယ်... မိုးကြီးရွာရမယ်...........




အဲဒီလိုမိုးကြီးရွာမှ မြို့ရိုးမှာရေးထားတဲ့စာက ပေါ်လာလိမ့်မယ်


အရှေ့ဘက်မြို့ရိုးမှာ မိုးတွေရွာရမယ်...


အရှေ့ဘက်မြို့ရိုးမှာ မိုးတွေရွာမှ ဖြစ်မယ်.....




အရှေ့မြို့ရိုးမှာဖြင့် (တစက်မျှသာဖြစ်စေ၊ တစက်လောက်သာဖြစ်စေ) မိုးကတော့ ရွာခဲ့ပါပြီ။ ဘာစာလုံး၊ ဘာသင်္ကေတကို မြင်ကြရပြီလဲ။ ကြေကွဲစွာတော့ ဖတ်ရလိမ့်ဦးမည်။



ကကွက်စည်းဝိုင်း၏ အနီးဆုံးစားပွဲလေးပေါ်မှာတော့ ဓာတ်ပုံတပုံ၊ နှင်းဆီပန်းတပွင့်။


မေမေတယောက်နှင့် သမီးလေးတယောက် လူ့လောကထဲကို ရောက်လာခဲ့ဖူးလေသည်။

ခေါက်ထီးလေး မလုံ့တလုံ


ကျွန်မ သိပ်ကြိုက်တဲ့စာအုပ်တအုပ်ပါ။ ပြည့်တန်ဆာ ပပျောက်ရေး ကိုစွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ စာရေးသူရဲ့ အမှာစာကို ပကြိမ် ပုံနှိပ်ခြင်းတုန်း က တွေ့လိုက်ပေမဲ့ အခု ဒုကြိမ် ပုံနှိပ်မှာတော့ မတွေ့မိပါဘူး။ ခေတ်တွေ၊ စနစ်တွေ မတူတော့ဘူး လို့ဘဲ ယူဆလို့လား မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းနောက်ခံက 1977 ပတ်ဝန်းကျင်လောက်ကမို့လို့ပါ။ ဒါပေမဲ့ အကြောင်းအရာကတော့ ခုထိ မဟောင်းသေးဘဲ ဘောင်ဝင်နေတုန်းပါ။
အပြင်ဆောင်တခုမှာ တခန်းထဲ အတူတူနေခဲ့ကြဖူးတဲ့ သူငယ်ချင်းနှစ်ယောက် ဝေးသွားကြပြီးမှ ပထမဆုံးပြန်တွေ့တဲ့ နေရာ က “တရားရုံး”၊ အမှုက ပြည့်တန်ဆာမှု၊ တယောက်က အစိုးရ သက်သေ၊ နောက်တယောက်က အစိုးရ ရှေ့နေ။
ဘဝကို တန်ဖိုးမထား၊ ပျော်ပျော်နေတက်တဲ့ “ကြွေ”၊
စားဝတ်နေရေးအတွက် မဟုတ်ဘဲ အလှအပ အတွက် ပိုက်ဆံကို လွယ်လွယ်ကူကူ ရှာတက်တဲ့ ကြွေ၊
မပြစ်မှားသင့်တဲ့ ကိုယ့်အစ်မ ယောက်ျား ခဲအိုကိုမှ ချစ်ချင်တဲ့ကြွေ၊
ဒီမိန်းကလေးရဲ့ ဘဝနိဂုံး က ကြောက်စရာကောင်းလှပါတယ်။
ကိုယ်မေတ္တာထားမိတဲ့ ရှေ့နေမလေး မွန်မွန်ကို လိုက်ပါကူညီရင်း ပေးဆပ်တက်တဲ့ ယောက်ျားကောင်းတယောက်ရဲ့ စိတ်ဓာတ်ကို အကောင်းဆုံးလှစ်ဟပြသွားတဲ့ တရားသူကြီး ကိုခင်ဇော်။
သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကလည်း ညှို့နိုင်စွမ်းသလို စာရေးသူရဲ့စေတနာကလည်း လေးစားဖွယ်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူ၏ ဆန္ဒအတိုင်း “ ပြည့်တန်ဆာ ကုန်ကူးခြင်းစနစ်” ကျဆုံးပါစေလို့ပဲ ခပ်တိုးတိုးလေး ဆုတောင်းပေးနေမိပါတယ်။

Academy Kyi Kyi Htay (aka) marlaryee


retold biography of ' academy kyi kyi htay'
lighting the bright and dark side of kyi kyi htay' life
she' the one - the magic actress
one side - famous actress, unbeatable celebrity
another side- unsuccessful marriage life
powerful flame in movie industry but loser in marriage industry
sometimes, life is more miserable than could expect


here, i have to thank my husband of being him.
really blessed of having such a wonderful husband who always understand and care alot.