Saturday 18 October 2008

မြန်မာ ယဉ်ကျေးမှုသမိုင်း


စာအုပ်လေးက ခပ်သေးသေးပေမဲ့ သိမှတ်စရာအပြည့်နဲ့ တကယ်ကောင်းတဲ့ စာအုပ်လေးပါ။ ပုံနှိပ်ထုတ်ဝေတဲ့နှစ်ကို ကြည့်လိုက်တော့1974 တဲ့။ စာအုပ်လေးက ကျွန်မထက် အသက်ကြီးနေတယ်။ စာ တကယ်ကောင်းရင် အချိန်ကာလ သတ်မှတ်ချက်တွေကို ကျော်လွှားဖြတ်သန်းနိုင်တယ် ဆိုတဲ့စကားလေးကို ဒီစာအုပ်လေးက ရဲရဲဝင့်ဝင့် သက်သေပြနေသလိုပါပဲ။


ငယ်ငယ်တုန်းက စာအုပ်ဖတ်ရင် အရှေ့က မာတိကာတွေ၊ မိတ်ဆက်တွေ အမြဲကျော်ဖတ်တတ်တဲ့ ကျွန်မကို အဖေကို အဲဒိလို ကျော်မဖတ်ဖို့နဲ့ အဲဒါတွေ အရင်ဖတ်မှသာလျှင် စာအုပ်နောက်ခံအကြောင်းအရာ နဲ့ သဘောတရားတွေကို ပိုပြီး နားလည်နိုင်တဲ့အကြောင်း ပြောပြဆုံးမခဲ့ဖူးတာမို့ အဲဒိနောက်ပိုင်း စာအုပ်တွေကို အစအဆုံး သေသေချာချာ ဖတ်ကျင့်ရခဲ့တဲ့ ကျွန်မ၊ အခုလည်း မာတိကာ ကနေ စဖတ်တော့ မြန်မာသမိုင်းကို ဒီလို အခန်း ၈ ခန်းခွဲပြီး တင်ပြထားတာ တွေ့ရပါတယ်။
၁။ ယဉ်ကျေးမှု၏ အဓိပ္ပာယ် နှင့် သဘောတရား
၂။ အရှေ့တောင်အာရှ၏ ယဉ်ကျေးမှုရှုခင်း
၃။ ဧရာဝတီမြစ်ဝှမ်းမှ မြန်မာပြည်အသွင်သို့
၎။ မြန်မာအစ
၅။ မြန်မာ့ယဉ်ကျေးမှု၏ အခြေခံအုတ်မြစ်များ
၆။ မြန်မာယဉ်ကျေးမှု၏မဏ္ဍိုင်ကြီးများ
၇။ မြန်မာ့လူမှုရေးစနစ်
၈။ မြန်မာယဉ်ကျေးမှု၏ သွင်ပြင်လက္ခဏာများ
မူလပထမ ထဲက အခြားသောအရပ်များမှ ရွှေ့ပြောင်းလာပြီး အခုအချိန်ထိတိုင်အောင် “မြန်မာ” ဟူ လူမျိုးတမျိုး တည်ထောင်နိုင်ခဲ့တာ၊ တခြားတပါး ယဉ်ကျေးမှုများကိုလည်း ကိုယ်ပိုင်ယဉ်ကျေးမှုဟန် အသွင်ပြောင်း ထိန်းသိမ်းနိုင်တာ၊ ဘာသာတရားမှာလည်း အခြားအရပ်မှာ စတင်ပေါ်ပေါက်ခဲ့ပေမဲ့ ကိုယ်ဒေသမှာ ပျံနှံ့ အဓွန့်ရှည်အောင် နှစ်ကာလရှည်လျားစွာ ထိန်းသိမ်းနိုင်စွမ်းရှိတာတွေဟာ မြန်မာတို့၏ ကောင်းမြတ်သော အရည်အချင်းဟု ချီးမွှမ်းထိုက်ပါသည်။ ဘာကြောင့် ကျွန်မအဲဒိလို ပြောရသလည်း ဆိုတော့ ပျူလူမျိုး နှင့် ပျူယဉ်ကျေးမှုများဟာ အဆင့်အတန်း အတော်မြင့်မားစွာ တည်ထောင်နိုင်ခဲ့ပြီးမှ လုံးဝ ပျက်စီးပျောက်ကွယ်သွားခဲ့ရလို့ပါ။
ကျွန်မအတွက်တော့ သမိုင်းအကြောင်းအရာရော ဗဟုသုတပါ ပေးစွမ်းနိုင်ရှိတဲ့ စာအုပ်လေး တအုပ်အဖြစ် မှတ်ထားလိုက်ပါတယ်ရှင်။

No comments: