Saturday 18 October 2008

စစ်နှင့် ငြိမ်းချမ်းရေး


...ကမ္ဘာကျော် တော်လှန်ရေးစာအုပ်ဆိုပေမဲ့ ကျွန်မအတွက်တော့ သိပ်အရသာ မတွေ့လှပါဘူး၊ ရှရှား နန်းတွင်းရေး ကပဲ ရှုပ်ထွေးလေသလား၊ ကျွန်မကပဲ ဝေးလေသလား ဘာမှန်းတော့ မသိ၊ သိပ်အကြိုက်ကြီး မဟုတ်တာတော့ သေချာပါတယ်၊ ဒီစာအုပ်ထက်စာရင် ”နပိုလီယန်၏ချစ်ဦးသူ ဒေစီရေး ”လို၊ သခင်သိန်းဖေမြင့် ရေးတဲ့
“ အရှေ့ကနေဝန်း ထွက်သည့်ပမာ ” လို စာအုပ်မျိုးတွေနဲ့ ကျွန်မနဲ့ ပိုနီးစပ်တာတော့ အမှန်ပါ၊ သမိုင်းအဖြစ်အပျက်ကို အသေအချာရေးတဲ့ စာအုပ်တွေထဲမှာ ဆိုရင်လည်း ဦးဖေတင် ရေးတဲ့ “ ပင်လုံသမိုင်း” လို စာအုပ်မျိုး၊ ကြေးမုံဦးသောင်းရေးတဲ့ “ဗိုလ်နေဝင်း ရှုပ်ခဲ့သမျှ” လိုစာအုပ်မျိုး ခံစားလို့ ရပါတယ်၊ ထူးထူးခြားခြား ဒီစာအုပ်ကျမှပဲ ကမ္ဘာကျော်ပြီး အကြိုက်မတွေ့နိုင်ဖြစ်နေပါတော့တယ်၊ ဒါပေမဲ့ ဒီစာအုပ်ထဲမှာ ကြိုက်မိတဲ့ စာသားလေးတော့ ရှိပါတယ်။ ဖတ်ကြည့်ပါဦး

” ကျုပ်တို့ဟာ မြေကြီးရဲ့ သား၊သမီးတွေဖြစ်ပေမဲ့ ချစ်တတ်လာတာနဲ့ တပြိုင်နက် မြေကြီးရဲ့ သား၊သမီးတွေ မဟုတ်တော့ဘူး။ ကောင်းကင်ဘုံက နတ်သား၊ နတ်သမီးတွေဖြစ်လာကြပြီ၊ ချစ်တတ်လာရင် အဲဒီလူဟာ ဘုရားသခင်က ဖန်းဆင်းလိုက်လို့ ပေါ်လာတဲ့သတ္တလောကကြီးရဲ့ ပထမဆုံးနေ့လိုဘဲ မွန်မြတ်ဖြူစင်တယ်။

No comments: