Saturday 18 October 2008

ခေါက်ထီးလေး မလုံ့တလုံ


ကျွန်မ သိပ်ကြိုက်တဲ့စာအုပ်တအုပ်ပါ။ ပြည့်တန်ဆာ ပပျောက်ရေး ကိုစွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ စာရေးသူရဲ့ အမှာစာကို ပကြိမ် ပုံနှိပ်ခြင်းတုန်း က တွေ့လိုက်ပေမဲ့ အခု ဒုကြိမ် ပုံနှိပ်မှာတော့ မတွေ့မိပါဘူး။ ခေတ်တွေ၊ စနစ်တွေ မတူတော့ဘူး လို့ဘဲ ယူဆလို့လား မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းနောက်ခံက 1977 ပတ်ဝန်းကျင်လောက်ကမို့လို့ပါ။ ဒါပေမဲ့ အကြောင်းအရာကတော့ ခုထိ မဟောင်းသေးဘဲ ဘောင်ဝင်နေတုန်းပါ။
အပြင်ဆောင်တခုမှာ တခန်းထဲ အတူတူနေခဲ့ကြဖူးတဲ့ သူငယ်ချင်းနှစ်ယောက် ဝေးသွားကြပြီးမှ ပထမဆုံးပြန်တွေ့တဲ့ နေရာ က “တရားရုံး”၊ အမှုက ပြည့်တန်ဆာမှု၊ တယောက်က အစိုးရ သက်သေ၊ နောက်တယောက်က အစိုးရ ရှေ့နေ။
ဘဝကို တန်ဖိုးမထား၊ ပျော်ပျော်နေတက်တဲ့ “ကြွေ”၊
စားဝတ်နေရေးအတွက် မဟုတ်ဘဲ အလှအပ အတွက် ပိုက်ဆံကို လွယ်လွယ်ကူကူ ရှာတက်တဲ့ ကြွေ၊
မပြစ်မှားသင့်တဲ့ ကိုယ့်အစ်မ ယောက်ျား ခဲအိုကိုမှ ချစ်ချင်တဲ့ကြွေ၊
ဒီမိန်းကလေးရဲ့ ဘဝနိဂုံး က ကြောက်စရာကောင်းလှပါတယ်။
ကိုယ်မေတ္တာထားမိတဲ့ ရှေ့နေမလေး မွန်မွန်ကို လိုက်ပါကူညီရင်း ပေးဆပ်တက်တဲ့ ယောက်ျားကောင်းတယောက်ရဲ့ စိတ်ဓာတ်ကို အကောင်းဆုံးလှစ်ဟပြသွားတဲ့ တရားသူကြီး ကိုခင်ဇော်။
သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကလည်း ညှို့နိုင်စွမ်းသလို စာရေးသူရဲ့စေတနာကလည်း လေးစားဖွယ်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူ၏ ဆန္ဒအတိုင်း “ ပြည့်တန်ဆာ ကုန်ကူးခြင်းစနစ်” ကျဆုံးပါစေလို့ပဲ ခပ်တိုးတိုးလေး ဆုတောင်းပေးနေမိပါတယ်။

No comments: