Showing posts with label Mother' day. Show all posts
Showing posts with label Mother' day. Show all posts
Saturday, 18 October 2008
အမေ
လွန်ခဲ့သော တနှစ်လောက်က ကျွန်မ နောက်ထပ်အမေတယောက်ကို ထပ်မံပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ကျွန်မနဲ့ တကြိမ်ထဲသာ ဆုံခဲ့ဖူးပေမဲ့ သူ့ပုံရိပ်က ကျွန်မအာရုံထဲမှာ စွဲထင်နေလို့ ဒီနေ့မှာ သူကိုလည်း အမှတ်တရပါ။
သူနဲ့ကျွန်မနဲ့ စတင်တွေ့ဖူးတဲ့အချိန်မှာ ဘယ်လိုပတ်သတ်တော်စပ်ရမယ်ဆိုတာ အတိအကျ မသိနိုင်သေးတဲ့အချိန်ပါ။ ဒါပေမဲ့ သူရဲ့နွေးထွေးတဲ့စေတနာ တွေကိုတော့ အတိအကျ ကျွန်မနားလည်နိုင်ခဲ့ပါတယ်။ ကျွန်မ ရန်ကုန်ကို အလည်ခဏပြန်တုန်း သူသားလူကြုံပေးလိုက်တဲ့ ပစ္စည်းတွေကို ပေးဖို့ သူတို့ဇနီးမောင်နှံနဲ့တွေ့တဲ့အချိန်မှာ သူပထမဆုံး လုပ်တာက ပစ္စည်းတွေထက် ကျွန်မလက်ကို လှမ်းကိုင်ပြီး သူအိမ်ကို အလည်တခါတည်း လိုက်ခဲ့ပါတဲ့။ ဘာပြန်ပြောရမှန်းမသိဖြစ်နေတဲ့ကျွန်မအတွက် လိုက်ပို့တဲ့အစ်ကိုဆီမှာ ထပ်ပြီးခွင့်တောင်းပါတယ်။ သမီးကို အိမ်အလည် ခဏခေါ်သွားပါရစေတဲ့။ အစ်ကိုကတော့ အဆင်ပြေအောင် ပြောတတ်ပါတယ်။ ဒီနေ့မှ ပြန်ရောက်တာမို့ နောက်နေ့ကျမှ လွှတ်လိုက်ပါမယ်တဲ့။ ကျွန်မကိုလည်း သူအိမ်ကို နောက်နေ့အလည်လာဖြစ်အောင်လာဖို့ အထပ်ထပ်အခါခါ မှာ ကြားသွားပါတယ်။
နောက်နေ့ ကျွန်မအလည်သွားတဲ့နေ့မှာ ကျွန်မဘာကြိုက်တတ်မှန်း၊ ဘာစားတတ်မှန်းမသိလို့တဲ့ လုပ်ထားလိုက်တဲ့ မုန့်တွေ စုံနေတာပဲ။ မုန့်တွေအဝကျွေးရုံနဲ့အားမရသေးပဲ သူအိမ်နားမှာ ရှိတဲ့ဆွေမျိုးသားချင်းတွေရော၊ ရပ်ဆွေရပ်မျိုးတွေနဲ့ရော စုံနေအောင်မိတ်ဆက်ပေးပါတယ်။ မိတ်ဆက်သာပေးနေတာ ဘယ်လိုအနေအထားနဲ့ မိတ်ဆက်ပေးရမှန်း မသိဖြစ်နေတဲ့သူက တွေ့သမျှကို “ ဒါ ဟိုကနေ အလည်ခဏပြန်လာတဲ့ သမီးလေ” ဆိုတဲ့စကား အတွင်တွင်သုံးပြီး မိတ်ဆက်ပေးပါတယ်။ တနေကုန်နီးပါး စကားပြောပြီး ညနေစောင်းအိမ်တိုင်ရာရောက် ပြန်ပို့ပေးတဲ့ သူပုံရိပ်က ကျွန်မကြောက်ရွံ့ခဲ့ဖူးတဲ့ တဦးတည်းသောသားတွေရဲ့ အမေ ပုံစံ သိပ်မပေါက်တာတော့ သေချာပါတယ်။
အဲဒိအချိန်တုန်းက ကျွန်မရဲ့ဘာမှန်းမသိသေးတဲ့ လူတယောက် ရန်ကုန်ပြန်လည်ချိန်မှာလည်း ကျွန်မအတွက်ဆိုပြီး အမေသေသေချာချာ ထည့်ပေးလိုက်တဲ့မုန့်တွေ၊ စားစရာတွေအတွက် အတော်လေး ပျော်ရွှင်ကြည်နှူးခဲ့ဖူးတာအသေချာပါ။
နောက်ထပ်နှစ်နှစ်လောက်ကြာတဲ့အခါမှာ တိတိကျကျသေသေချာချာ ပတ်သတ်ရတော့မဲ့အနေအထားတခုကို ရောက်လာပါတော့တယ်။ ကျွန်မအိမ်ကို လာနားဖောက်ချင်တဲ့အကြောင်း အဖေကို အသိပေးတဲ့အခါမှာ အဖေဟာ တော်တော်ကြီး ထိခိုက်ခံစားသွားရပါတယ်။ မိသားစုတွေကို စကားကောင်းကောင်း ပြန်မပြောနိုင်တော့ဘဲ အငယ်ဆုံး သမီးလေးအတွက် စိုးရိမ်ပူပန်စွာ စဉ်းစားခန်းတွေဝင်လိုက်တဲ့အတွက် တော်တော်လေးနေမကောင်းဖြစ်သွားတဲ့အထိပါပဲ။ ကျွန်မမိသားစုတွေလည်း အဖေကို ကြောက်ရသူတွေပီပီ အဲဒိကိစ္စ ဘယ်သူမှ ထပ်မမေးရဲပါဘူး။ နှစ်လလောက်ကြာမှ အဖေပြန်ပြောတဲ့ စကားက သူဖြစ်ချင်တာတွေ လိုက်လျောပေးနိုင်ရင် စကားလက်ခံပြောပါမယ်တဲ့။ ကျွန်မအိမ်ဘက်က အဲဒိလောက် လိုက်လျောရင်ပဲ အတော်ဝမ်းသာကျေနပ်ဖွယ်ကိစ္စမို့ ဘာဆိုဘာမှ ထပ်ပြီး အထွန့်မတက်ရဲပါဘူး။
ကျွန်မအိမ်ဘက်က ပြန်ပြောတဲ့စကားကိုတောင် တဖက်မှာပြန်ပြောဖို့အတော်လေး သတ္တိမွေးရပါသေးတယ်။ ကျွန်မတို့နှစ်ယောက်ကြားမှာ ရှိတဲ့ ကွာခြားချက်အဟန့်အတားကြီးက အတော်လေး ကြီးမားခိုင်ခန့်လွန်းတာမို့ အဆင်ပြေဖို့ဆိုတဲ့ကိစ္စက အတော်လေး မဖြစ်နိုင်တဲ့ကိစ္စပါ။ လိုက်လျောမယ့်သူက လိုက်လျောမဲ့ဟန်ရှိရင်တောင် တောင်းဆိုရမဲ့ကျွန်မက အားနာနေမိပါတယ်။
သူတို့နဲ့ဖုန်းပြောဖို့ သတ္တိမရှိဖြစ်နေတဲ့ကျွန်မကို သူကိုယ်တိုင်ဖုန်းခေါ်ခိုင်းပါတယ်။ ဖုန်းကိုင်ကိုင်ချင်း ဘာပြောရမှန်း ဘယ်လိုခေါ်ရမှန်းမသိဖြစ်နေတဲ့ကျွန်မကို “ သမီး ဘာမှ စိတ်မပူနဲ့။ အမေ အကုန်လုံးအဆင်ပြေအောင် ညှိပေးမယ်။ သမီး မျက်နှာမငယ်ရအောင် အမေ စီစဉ်ပေးမယ် ” ဆိုတဲ့စကားက ကျွန်မကို ဘယ်လောက်အားဖြစ်စေတယ်ဆိုတာ ကျွန်မကိုယ်တိုင်သာအသိဆုံးပါ။ သူပြောတဲ့စကားအတိုင်း အလုပ်နဲ့သက်သေပြသွားတဲ့ သူရဲ့မေတ္တာ၊ စေတနာတွေအတွက် တကယ်ကို ကျေးဇူးအထူးပါ အမေ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မဘဝမှာ သိပ်ကို ချစ်စရာကောင်းတဲ့၊ အကြင်နာမေတ္တာကြီးမားလွန်းတဲ့၊ အမေ သိပ်ပီသတဲ့ အမေနှစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတာ အတော်လေးကျေနပ်ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စပါ။ အမေတွေရဲ့ မေတ္တာတွေကို ခံစားနေရပြီး ကိုယ်က ဘာမှ ပြန်မပေးဆပ်နိုင်သေးတဲ့အတွက်လည်း ကိုယ်ကိုယ်ကို အားမလို၊ အားမရဖြစ်ရတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။
ဒါပေမဲ့ အခုတလော အမေ သိပ်နေမကောင်းဖြစ်နေပါတယ်။ သိပ်စိတ်ထက်ပြီး အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ရမှကျေနပ်တတ်တဲ့ အမေ၊ စိတ်သွားတိုင်း ကိုယ်သိပ်မပါနိုင်လို့ အားမလိုအားမရဖြစ်နေတဲ့အမေကို ဒီနေ့မှာ မေးခွင့်ရမယ်ဆိုရင် စကားလေးတခွန်းမေးချင်ပါတယ်...
မေမေ နေကောင်းလား မေမေ....
Labels:
Mother' day,
Rememberance
ချစ်စွာသော အမသို့ ( အမေများနေ့ အမှတ်တရ )
ဒီနေ့ ကျွန်မနေတဲ့ နိုင်ငံရဲ့ အမေများနေ့ပါ။ အမေများနေ့ဟာ တနိုင်ငံနဲ့ တနိုင်ငံ သတ်မှတ်ထားတဲ့နေ့တွေ မတူညီကြပါဘူး။ ပြီးတော့ တနှစ်နဲ့ တနှစ်လည်း ရက်တွေမတူညီကြပါဘူး။ ဒါကတော့ သတ်မှတ်ချက်တွေပေါ့လေ။ ထားပါတော့။ အဓိက ကတော့ ရင်ထဲမှာ သတ်မှတ်ထားဖို့ပဲ လိုအပ်တာပါ။
တချို့လူမျိုးအစွဲ၊ ဘာသာရေးအစွဲတွေမှာ ယောင်္ကျားအဖြစ်ကို ရရှိတာဟာ မြင့်မြတ်တယ်လို့ ယူဆကြပါတယ်။ ကျွန်မအတွက်ကတော့ (မိန်းမသားဖြစ်နေလို့လားမသိ) မိန်းမတယောက်ဘဝမှာ အမေအဖြစ်ကို ရရှိတာဟာ မြင့်မြတ်တယ်လို့ ယူဆပါတယ်။ ကျွန်မကြားဖူးတဲ့ စကားလေးအရဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ဘာသာတိုင်းဟာ ပေါ်ပေါက်တဲ့ ခုနှစ်သက္ကရာဇ်ခြင်းလည်း မတူညီကြပါဘူး၊ ဘာသာရေးခေါင်းဆောင်များ ပေါ်ပေါက်တဲ့ တိုင်းပြည်၊နေရာဒေသများလည်း မတူညီကြပါဘူး။ ဒါကြောင့် နေရာဒေသတိုင်း၊ အိမ်တိုင်းကို ဘုရားသခင်မကြွရောက်နိုင်တဲ့အတွက် နေရာတိုင်း၊အိမ်တိုင်းမှာ အမေတွေကို ဆောင်ကြဉ်းပေးထားတာပါတဲ့။
ကျွန်မ မိသားစုမှာ အမေကို မောင်နှမတွေအားလုံးက “အမ”လို့ ခေါ်ကြပါတယ်။ ဟိုးအရင်တုန်းက အမေက ကျောင်းဆရာမလုပ်ခဲ့ဖူးသူမို့ ကျောင်းအမ လို့ခေါ်ရင်းပဲ အမ လို့ခေါ်လေသလား။ ဒါမှမဟုတ် အထက်အညာဒေသကလို အမေကို အမ ရယ်လို့ပဲခေါ်လေသလားတော့မသိ။ ဘယ်လိုကြောင့်မှန်းတော့မသိ ကျွန်မသိတတ်စ အရွယ်ထဲကနေ အခုအချိန်ထိ ချစ်ခင်မြတ်နိုးစွာ ခေါ်ဝေါ်မိတာကတော့ “အမ”ရယ်ပါ။
ကျွန်မတို့အိမ်မှာ မောင်နှမတွေများတာကြောင့် မောင်နှမချင်းရန်ပွဲတွေအတွက် အမကို လိုအပ်သလို စနေသားပီပီ သိပ်စိတ်ကြီးတတ်တဲ့ အဖေအနားမှာနေဖို့အတွက်လည်း အမ ကို မရှိမဖြစ်လိုအပ်ပါတယ်။ တအိမ်သားလုံးအတွက် မိုးလင်းကနေ မိုးချုပ် မရှိမဖြစ်လိုအပ်ချက်ကတော့ အမ ရယ်ပါ။ ကျွန်မမိဘတွေ လက်ထက်တုန်းက အရမ်းကို ရုန်းကုန်လှုပ်ရှားခဲ့ရပြီး ပညာကိုလည်းတော်တော်လေး ကြိုးကြိုးစားစား သင်ခဲ့ရဖူးတော့ သားသမီးတွေလက်ထက်မှာ လိုလေသေးမရှိ ထားပေးချင်ခဲ့တာ သူတို့ရဲ့ မေတ္တာတွေပါ။ အဲဒါတွေကို နားမလည်တတ်ခဲ့တဲ့၊ မိုက်မဲတတ်တဲ့ ကျွန်မတို့မောင်နှမတွေဟာ ဆိုးသွမ်းမိုက်မဲတယ်လို့ မဆိုသာရင်တောင် သိပ်လိမ္မာတဲ့ သားသမီးတွေ မဖြစ်ခဲ့ကြပါဘူး။ အထူးသဖြင့် အမ အပေါ်မှာ ဆိုးသွမ်းအနိုင်ယူခဲ့ကြပါတယ်။
အမ ဘာကြိုက်တတ်သလဲဆိုတာ ဘယ်သူမှ မသိပေမဲ့ အဖေအကြိုက်၊ ကျွန်မတို့မောင်နှမ အားလုံးရဲ့အကြိုက်ကို ပြည့်စုံအောင် ဖန်တီးပေးစွမ်းတာ အမ ရယ်ပါ။ မနက်မိုးလင်းတာနဲ့ အမဟာ ဈေးကို အမြန်ပြေးရပါတယ်။ အဖေကလည်း မနက်စာကို သူစားနေကျမုန့် နဲ့ ပုံစံကနေ သိပ်ပြောင်းပြီး စားလေ့မရှိပါဘူး။ နေ့တိုင်းလည်း မထပ်အောင် သူအကြိုက်လည်းဖြစ်အောင် အဆင်ပြေအောင်စီစဉ်ပေးရပါတယ်။ မောင်နှမတွေရဲ့အကြိုက်ချင်းဟာလည်း တယောက်နဲ့တယောက် လုံးဝကိုမတူပါဘူး။ ပြီးတော့ ဝယ်ရတဲ့ နေရာချင်းတွေလည်း သိပ်မနီးလှပါဘူး။ ဒါပေမဲ့ အမ ဟာအားလုံးကို အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းပေးပါတယ်။ အဲဒိလောက်လုပ်ပေးတဲ့ကြားကမှ အကြိုက်မဟုတ်ခဲ့ရင် သိပ်ကိုလိမ္မာတဲ့ ကျွန်မတို့မောင်နှမတွေက အပြိုင်အဆိုင် စိတ်ကောက်ကြပါသေးတယ်။
မနက်မုန့်ကိစ္စပြီးသွားတော့ ဟင်းကိစ္စကျတော့ကော။ အဖေက အသားသိပ်စားလေ့မရှိပါဘူး။ နေ့တိုင်း ချဉ်ရည်ဟင်းတခွက်ပါအောင်ချက်ရပါတယ်။ အကိုများကတော့ အသားဟင်းမပါရင် စကားများကြပါတယ်။ ကျွန်မကတော့ အရိုးများတဲ့ငါးဟင်းကိုချက်ရင်၊ ဟင်းတွေသိပ်စပ်ရင် ဂဂျီဂဂျောင်ကျပါတယ်။ ပြောရရင် တယောက်တမျိုး မရိုးရအောင် ဦးနှောက်စားကြပါတယ်။
အိမ်ကိစ္စတွေမှာတင် ဒိလောက်အလုပ်တွေရှုပ်နေတော့ အိမ်အလုပ်ချည်းလုပ်ရတဲ့အမေလားဆိုတော့ မဟုတ်သေးပါဘူး။ အဖေကို ဝိုင်းကူပြီး စီးပွားလည်းရှာရပါသေးတယ်။ အဲဒိတော့ ဘယ်အချိန်နားရသလည်းဆိုရင် ကျွန်မမှတ်မိသလောက် အမ အညောင်းပြေ၊ အညာပြေ ထိုင်နားနေတတ်တယ် ဆိုတာတောင်ရှားပါတယ်။ အိပ်ချိန်ကျမှသာ အိပ်ရင်းနားတာလောက်ပါပဲ။ တပတ်တရက်ရတတ်တဲ့ တနေင်္ဂနွေဆိုင်ပိတ်ရက်မျိုးမှာလည်း မောင်နှမတွေ လိုအပ်ချက်တွေဝယ်ပေးဖို့၊ မိသားစုကို အိမ်မှာလုပ်တဲ့ ငါးထမင်းချဉ်၊ မုန့်ဟင်းခါး၊ ကျောက်ကျော စသည်ဖြင့် တခုပြီးတခု လုပ်ကျွေးဖို့နဲ့ မအားလပ်တတ်အောင်ပါပဲ။ သူဘယ်လောက် အလုပ်တွေရှုပ်ရှုပ် သားသမီးတွေကို ကူပါလို့ အတော်ပြောခဲတဲ့အမပါ။ ရှိသမျှကိစ္စ တယောက်တည်း သိမ်းကျုံးလုပ်ပြီး သားသမီးတွေကို ဘယ်တော့မှ မခိုင်းရက်တဲ့အမပါ။
အမက သားသမီးတွေကို ဘယ်လောက်တောင် ဂရုစိုက်သလဲဆိုရင် ငယ်ငယ်တုန်းက မောင်နှမတွေ ခဏခဏ ဖျားချင်မိတဲ့အထိပါပဲ။ဖျားတော့မှ အမကို နှစ်ဆတိုးဂျီကျပြီး အမရဲ့အပြုစု အယုယကို နှစ်ဆတိုး ခံရမှာမို့လေ။ အဲဒိလောက်တောင် အမဟာ သားသမီးကို ဂရုစိုက်ပါတယ်။
အငယ်ဆုံးမို့တမျိုး၊ မောင်နှမတွေထက် စာပိုဖတ်လို့ဆိုပြီး တဖုံ အမျိုးမျိုး အလိုလိုက်ခံခဲ့ရတဲ့ ကျွန်မဟာ အမကိုရော၊ မိသားစုကိုပါ ခွဲပြီး အဝေးကြီးကို လာခဲ့ရတဲ့အချိန်မှာ ထမင်းတအိုးဖြစ်ဖို့တောင် အတော်ကြိုးစားချက်ယူခဲ့ရပါတယ်။ ဟင်းဆိုတာတော့ အဝေးကြီးပေါ့။ အမ ကျွန်မဆီလာလည်တဲ့ အချိန်မှာလည်း ကျွန်မအကြိုက်တွေ တနေ့တမျိုး ချက်ကျွေးရင်း မအားနိုင်အောင်ပါပဲ။ ကိုယ်ဘာသာ ကိုယ်ဘယ်လိုပဲ ဘယ်နေရာမှာ လူကြီးဖြစ်နေနေ အမ နဲ့တွေ့လိုက်ချိန်တိုင်း ကျွန်မဟာ ကလေးတယောက်လိုပါပဲ။
ကျွန်မ အာရုံမှာ အစွဲထင်ဆုံးပုံရိပ်ကတော့ နောက်ဆုံးတခေါက်တွေ့ခဲ့တဲ့ပုံရိပ်ပါပဲ။ ကျွန်မကိစ္စတခုနဲ့ သွားရမယ့်နိုင်ငံကို ကျွန်မကိုတွေ့ချင်စိတ်နဲ့အမလည်း လာလည်ပါတယ်။ လေယာဉ်ချိန် သိပ်မကွာတဲ့အတွက် လေဆိပ်မှာဆုံဖို့ပဲ ချိန်းလိုက်ပါတယ်။ ကျွန်မရဲ့လေယာဉ်အချိန်က စောနေတဲ့အတွက် အမတို့လာမယ့်အချိန်ကို စောင့်နေလိုက်မိတယ်။ အမကို အဝေးကြီးထဲကလှမ်းတွေ့နေရပါတယ်။ လက်ထဲမှာ ခွက်တခုရယ်၊ အထုပ်တထုပ်ရယ်နဲ့ပါ။ ဘာများလည်းလို့လှမ်းကြည့်နေမိတဲ့ကျွန်မကို အမ တွေ့တွေ့ချင်းလှမ်းပေးတာက အဲဒိခွက် နဲ့ အထုပ်ရယ်ပါ။ ဘာဖြစ်မယ်လို့ထင်မိပါသလဲရှင်။ ကျွန်မစားချင်တယ်လို့ ဘယ်အချိန်တုန်းက ရွတ်လိုက်မိမှန်းတောင် မသိတဲ့၊ လေယာဉ်ခရီးမှာတောင် တကူးတကသယ်လာတဲ့ ရွှေပုစွန်က ဖာလူဒါ နဲ့ ဌက်ပျောသီးရွှေကြည် ရယ်ပါ။
အမရယ်။ အမခြေဖဝါးအောက်မှာ ရှိတဲ့ နိဗာန်ဘုံလေးမှာ သမီးကို ခိုနားခွင့် ပေးသနားတော်မူပါ...
Labels:
Mother' day,
Rememberance
Subscribe to:
Comments (Atom)