လွန်ခဲ့သော ၁၉ နှစ်က ဆိုတော့ ကျွန်မ ရှစ်နှစ်သမီးပဲရှိသေးတယ်။ ဘာမှ သိပ်မသိတတ်သေးတော့ ကျောင်းပိတ်တာဟာ ကျွန်မအတွက်တော့ ပျော်စရာကြီးပေါ့။ ကျောင်းပိတ်ရက်တွေမှာလည်း လမ်းထဲမှာ ရုံးစု ရုံးစု၊ လူကြီးတွေလည်း မအားမလပ် ဟိုအိမ်သွား စကားပြောလိုက် ဒီအိမ်သွား ဆွေးနွေးလိုက်နဲ့ မအားလပ်နိုင်အောင်ပါပဲ။
မှတ်မိသလောက်ဆိုရင်ဖြင့် ရပ်ကွက်လုံခြုံရေးအတွက် လမ်းထဲက အစ်ကိုကြီးတွေ ကင်းစောင့်ဖို့အကြောင်း၊ ကျွန်မတို့လမ်းထိပ်ကနေ ဆူးလေဘုရား နှင့် မြို့တော်ခန်းမဆီသို့ ဖြတ်ဖြတ်သွားတဲ့ လူထုကြီးကို ထမင်းထုပ်ဝေဖို့အကြောင်း စုံနေတာပါပဲ ။ လူကြီးတွေအားလုံးလည်း အလုပ်တွေရှုပ်ပေါ့။ ဆန်ပေါများစွာထွက်တဲ့ မြို့လေးဆီကနေ ရန်ကုန်မြို့ကြီင်္းကို ပြောင်းရွှေ့လာတဲ့ ကျွန်မအဖေကတော့ နယ်ကနေ ဆန်အိတ်တွေမှာ သင်္ဘောဆိပ်မှာသွားရွေး ပြီးတော့ လမ်းထဲက ထမင်းချက်တဲ့နေရာမှာ ပြန်လှူနဲ့ အလုပ်ကို ရှုတ်နေတော့တာပါပဲ။ လမ်းထဲမှာ စုပေါင်းပြီး ထမင်းတွေချက်ကြ ဟင်းတွေချက်ကြနဲ့ဆိုတော့ စုပေါင်းအလှူကြီးတစ်ခုလို ကျွန်မတို့ ကလေးတွေကတော့ ပျော်နေတာပါပဲ။
မြို့တော်ခန်းမဘက်ဆီက ပစ်သံ ခတ်သံ ဆူဆူညံတွေ ကြားရပေမဲ့လည်း သိပ်တော့မကြောက်တတ်ခဲ့ပါဘူး။ ဝရုန်းသုန်းကားနိုင်စွာ ထွက်ပြေးလာတဲ့လူအုပ်ကို လုံခြုံရာစီစဉ်ပေးဖို့ လူကြီးတွေအလုပ်ရုတ်ချိန်မှာ ကျွန်မတို့မောင်နှမတစ်စု နဲ့ ဘေးအိမ်ကမောင်နှမတစ်စုကတော့ တိုက်ခေါင်းမိုးပေါ်ရောက်ပြီး ချောင်းကြည့်နေမိပြီ။ နောက်နေ့တွေမှာ လူကြီးတွေက ပြန်ပြောပြတာက မြို့တော်ခန်းမအနီးက နီလာအလှပြင်ဆိုင်ထဲ ကျည်ဆံတွေ ဖြတ်သွားတာ ဒိုးယိုပေါက်ပဲ။ ကလေးတွေ ခေါင်မိုးပေါ်သိပ်မတတ်နဲ့ အန္တရာယ်ရှိတယ်ဆိုပေမဲ့ ကျွန်မတို့ကလေးတစ်စုကတော့ လူကြီးတွေ လစ်ရင်လစ်သလို တတ်ချောင်းမြဲ။
နောက်ပိုင်းကျတော့ ကျွန်မတို့လမ်းထိပ်မှာ လက်နက်ကိုင်စစ်သားလေးတွေ အစောင့်ချထားတာလည်းမှတ်မိတယ်။ လမ်းထဲက အစ်ကိုတွေက အဲဒိစစ်သားလေးတွေနဲ့ စကားသွားပြောကြတော့ သူတို့က ရန်ကုန်နဲ့ နီးနီးနားနား ဒေသတွေက မဟုတ်ပါဘူး။ တော်တော်ခပ်ဝေးဝေးနယ်တွေကပါ။ သူတို့ကို သူပုန်တွေနှိမ်နင်းဖို့ ခေါ်လာတယ်ဆိုပဲ။ ပြီးတော့ ပြောသေးတယ် သူပုန်မလေးတွေက ချောတယ် တဲ့။
နောက်ထပ်မှတ်မိတာကတော့ အရေးအခင်းနောက်ပိုင်းနေ့တွေမှာ လမ်းထဲမှာ တောထုတ်တယ်ဆိုလား။ ည ၈ နာရီထိုးရင် သံချောင်းခေါက်ကြတဲ့ ဓလေ့ပဲ။ လူကြီးတွေက သံချောင်းခေါက်ကြပေမဲ့ ကျွန်မတို့ကလေးတစ်သိုက်ကတော့ family မုန့်ဗုံးခွံတွေကို အပြိုင်လုရင်း သစ်သားပေတံတွေနဲ့ အပြိုင်အဆိုင် ခေါက်တော့တာပါပဲ။ ပြီးတော့ ညဘက်ကျတော့ ဘယ်သူတွေကပ်သွားမှန်းမသိတဲ့ နံရံကပ်စာတွေကို မနက်ကျရင်လိုက်လိုက် ဖတ်ရတာလည်း ပျော်စရာတစ်ခုပါ။ တစ်ချို့စာစောင်တွေမှာ ကားတွန်းပုံလေးတွေလည်း ပါတတ်သေး။ စာဖတ်တတ်ခါစ ကျွန်မအတွက် အချို့အဓိပာယ်တွေ အကုန်မသိပေမဲ့ အဲဒိလိုလိုက်ပေါင်းဖတ်နေရတာကို နှစ်သက်သဘောကျနေတာပါ။
ဒီလိုနဲ့ကျောင်းကြီးလည်းပြန်ဖွင့်။ လူကြီးတွေရဲ့ ပြောင်းလဲမှုတွေအပေါ် မကျေနပ်စကားတွေကို အကြိမ်ကြိမ်နားထောင်ပေမဲ့ ဆိုလိုချက်တွေကို နားလည်တလှည့် မလည်တလှည့်နဲ့ ကြီးပြင်း။ ဖျောက်ဖျက်ထားတဲ့ သမိုင်းခြေရာတွေနဲ့ ကျွန်မတစ်ယောက် အရွယ်ရောက်ခဲ့ပါတယ်။
ကျွန်မအတွက်တော့ မြန်မာပြည်မှာ နေတုန်းက မှုန်ဝါးခဲ့တဲ့ သမိုင်းပုံရိပ်တွေက အခုကျမှ ကြည်လင်လာခဲ့တာ။ ဘာကြောင့် ဘယ်လိုဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို အခု နိုင်ငံခြားရောက်မှ ရိပ်မိတာ။ အခုကျမှ ခံစားနားလည်နိုင်ခဲ့တာ ။
ကျောင်းသားအသင်းဟာ မတရားအသင်း ဖြစ်ရတာ။ ဘူမိနက်သန်လို့ ခေါ်ဆိုလောက်တဲ့ ကျောင်းသားသမဂ္ဂကြီး ဗုံးခွဲ ဖျက်ဆီးခံရတာ။
ပြည်သူပစ္စည်းကို မထောက်မညှာ သိမ်းပိုက်ခဲ့တာ ပြည်သူပိုင်သိမ်းခဲ့တာ။
အစိုးရကိုယ်တိုင် တရားဝင်ထုတ်ဝေထားတဲ့ ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေကို အဲဒိအစိုးရကိုယ်တိုင် ပြန်လည် ရုပ်သိမ်းတဲ့သတင်းကို မြန်မာသမိုင်းမှာပဲ ကြားဖူးတာ။ ဆုံးရှုံးသွားတဲ့ ငွေတွေနဲ့ ပြည်သူမျက်ရည်တွေက ကျွန်မတို့ မြန်မာနိုင်ငံမှာပဲ ရှိခဲ့တာ။
1987 Oct မှာ UN က မြန်မာနိုင်ငံကို Least Development Country (LDC) အဖြစ်ကြေငြာလို့ အားရပျော်ရွှင်သွားတဲ့ ကျွန်မတို့ မြန်မာအစိုးရ။ ကိုယ်တိုင်းပြည် ဆင်းရဲတွင်းနက်တာကိုမကြည့်ဘဲ အစိုးရအကြွေးတွေ ဒေဝါလီ ခံလို့ရယုံနဲ့ ပျော်ရွှင်နေတဲ့လူတွေဟာ ဒါကိုအောင်ပွဲသတ်မှတ်ပြီး ခမ်းခမ်းနားနားပွဲလုပ်ဖို့ စဉ်းစားသတဲ့လား။ ဒါကို မကျေနပ်လို့ အုံ့ကြွတဲ့ ကျောင်းသားတွေဟာ သူပုန်တွေတဲ့လား။
မကျေမနပ်ချက်တွေ တပုံတပင်နဲ့ ကျောင်းသားတွေဟာ 1988 ကျောင်းသား ကိုဖုန်းမော်အရေးမှာ ထိန်းသိမ်းမရ ပေါက်ကွဲခဲ့ကြတာ။
အဲဒိအတွက် ဖြေရှင်းနည်းက နံပါတ်တုတ်တဲ့လား။ မိုးပေါ်မပစ် တည့်တည့်ပစ်တတ်တဲ့ တပ်မတော်ကျည် တွေတဲ့လား။
ပြည်သူတွေအတွက် ကျင့်သုံးတဲ့လမ်းစဉ်က “ ဖြုတ် ထုတ် သတ် ” တဲ့လား။
မေးခွန်းတွေ အဖြေတွေ စိတ်ထဲမှာ ရှုပ်ပွပေမဲ့ အမြဲတမ်းရှင်းလင်းကြည်လင်တဲ့စိတ်ကတော့ အရှေ့ အရှေ့က နောင်တော် ကျောင်းသား သူရဲကောင်းများကို အစဉ်လေးစားစွာ ဦးညွတ်လျှက်ပါ။
Showing posts with label 88' anniversary. Show all posts
Showing posts with label 88' anniversary. Show all posts
Saturday, 18 October 2008
Subscribe to:
Posts (Atom)