Showing posts with label May Nyane. Show all posts
Showing posts with label May Nyane. Show all posts

Saturday, 18 October 2008

မေငြိမ်း အမှတ်တရ


အင်တာနတ်ထဲမှာ အကြောင်းအရာတခု လိုက်ရှာနေတုန်း e-zine တခုထဲမှာ စာရေးဆရာမ မေငြိမ်း ရေးတဲ့ ဆောင်းပါးလေး တပုဒ်တွေ့လိုက်မိတယ်။ တွေ့တွေ့ချင်း တော်တော်လေး ဝမ်းသာသွားတယ်။ ကိုယ်ကြိုက်တဲ့ စာရေးဆရာမ တယောက်၊ မဖတ်ရ မမြင်ရတာ ကြာနေပြီ ဖြစ်တဲ့ စာရေးဆရာမ တယောက်ရဲ့စာကို ပြန်ဖတ်ရတော့မယ် ဆိုပြီးတော့လေ။ ဒါပေမဲ့ အဲဒိအချိန်မှာ အလုပ်ရှုပ်နေတော့ အားတော့မှဖတ်မယ်ဆိုပြီး web page ကို save လုပ်လိုက်မိတယ်ထင်တာပဲ ။ အားတဲ့နေ့ကျမှ ဖတ်မယ်ဆိုပြီး ပြန်ရှာတော့ ဘယ်လိုမှ ရှာလို့မတွေ့တော့ဘူး။ website နာမည်လည်း မမှတ်မိလိုက်ဘူး။ ဖြစ်နိုင်ချေရှိတဲ့ website တွေကိုလည်း ပြန်ရှာတာ တော်တော်စုံနေပြီ။ ဒါပေမဲ့ အခြေအနေက ထူးမခြားနား။ စိတ်ဆိုးစရာ ကောင်းလိုက်တာ။ ဘယ်သူ စိတ်ဆိုးရမယ်မှန်းလည်း မသိတော့ ကိုယ်ကို ကိုယ်ပဲ အပြစ်တင်လိုက်ပါတော့တယ်။

မေငြိမ်းကို ဟိုးအရင်ထဲက တော်တော်သဘောကျတာ။ သူရဲ့စာအရေးအသားလေးတွေ၊ တင်ပြပုံလေးတွေက ချစ်စရာကောင်းတယ်။ YIT ကျောင်းထွက် ထင်ပါရဲ့၊ တက္ကသိုလ်နောက်ခံ ဇာတ်လမ်းလေးတွေလည်း များတယ်။ စာအုပ်နည်းနည်းပဲ ထွက်ခဲ့ဖူးပေမဲ့ ထွက်သမျှ အကုန်လုံးလည်း သဘောကျတာချည်းဘဲ။ အခု မေငြိမ်း အကြောင်းရေးနေတော့ သူရေးသား ဖန်တီးခဲ့ဖူးတဲ့ ဇာတ်ကောင်လေးတွေ သူအကြောင်းရေးပါ၊ ငါအကြောင်းရေးပါ လို့ ပြောနေသလိုခံစားရတယ်။ အဲဒိအထဲကမှ အစွဲဆောင်နိုင်ဆုံး ( ကိုယ်အဖို့ပေါ့လေ ) ဇာတ်ကောင်လေးတွေက ပဉ္စမနှစ် YIT ကျောင်းသားလေး “ထင်အောင်ဇော်” နဲ့ သူထက် အသက်တော်တော်ငယ်တဲ့ ချစ်စဖွယ် မိန်းကလေး “မီ”။ သူတို့ အချစ်ဇာတ်လမ်းလေးက ကြည်နူး ဆွတ်ပျံချင်စရာ။ အဲဒိ ဝတ္ထုထဲမှာ ပါတဲ့ ကဗျာလေးကိုလည်း ဖတ်ကြည့်ပါအုံး။ ကျွန်မ ချစ်တဲ့ ကဗျာလေး တပုဒ်ပါ။

စုံတွဲ
တယောက်က သူဖြစ်ဆဲ ပန်းပွင့်နှင့်
လျှို့ဝှက် တိတ်ဆိတ်မှုကို ရှက်စနိုး မြှင့်တင်
ကမ္ဘာကို အစဉ်စီးဆင်းမဲ့
မိုးစက်ပွင့်ရဲ့ တိမ်တတိုက်
ဒါမှမဟုတ်
မြစ်ကြီး တစင်းရဲ့ တာလွှတ်ရာ
မာယာနဲ့ စိတ်ကူးယဉ် လှပ
သူ့နေ့တွေကို အစီအစဉ်ချလို့...
အခြားတယောက်က
တဒင်္ဂ မိန်းမောမှုမှာ
သူအပေါင်းအသင်း သူခိုင်မြဲ
တည်ဆောက်ဆဲ လမ်းအသစ်
သူဒုက္ခ ဓားမြိနဲ့
သူအတွေ့အကြုံ တတိတိချွန်
သူတီထွင်ရာ အိမ်မက်ထဲ
အအိပ်မက်တဲ့ သူတန်ခိုးတွေ
နှိုးမယ့်သူ ရှာနေလေရဲ့...
သူတို့မျက်ဝန်းပေါ်က ချောက်နက်ထဲ
တွေ့ဆုံ နစ်မြှုပ် နက်ရှိုင်းကြ
တယောက်မေ့လျော့မှု တယောက်ကိုဆွဲ
တယောက်အတွေးထဲ တယောက်စိမ့်ဝင်
နေ့စဉ်ရဲ့အစကို ပျံသန်းဖို့
တယောက် ကမ်းပါးပေါ် တယောက်
ရေကြည်မြက်နုဖို့
တယောက်အတောင်ပံ တယောက်
တပ်ဆင်ချော့မြူကြ...
ကမ္ဘာဦးက အတိုင်းပေါ့
နေရောင်ခြည်တွေက
မျှော်လင့်ချက်တွေအပေါ် စူးစူးရဲရဲ
ဖြာကျနေဆဲ။ ။
မောင်နန္ဒ ( ပဉ္စမနှစ် မြို့ပြ )