Showing posts with label Mya Than Tint. Show all posts
Showing posts with label Mya Than Tint. Show all posts

Saturday, 18 October 2008

ဆရာ မြသန်းတင့်သို့ အမှတ်တရ


ကျွန်မ ပထမဆုံးစဖတ်ဖူးတဲ့ ဆရာရဲ့စာအုပ်က “ လေရူးသုန်သုန် ” ပါ။ ဖတ်ဖတ်ချင်းထဲက အရမ်းနှစ်သက်ခဲ့ရပြီး အခုအချိန်ထိလည်း အကြိုက်ဆုံးစာအုပ်စာရင်းထဲမှာ ပါ ပါတယ်။ ဘာသာပြန် ဆိုပေမဲ့ အရေးအသားက အရမ်းကို ညက်ညောလွန်းပါတယ်။ နောက်ပိုင်းကြားဖူးတာက ဆရာဘာသာပြန်ရင် စာတကြောင်းဖတ်၊ တကြောင်းပြန်နဲ့ ဆက်တိုက်ရေးတာဆိုလို့ အရမ်းအထင်ကြီးလေးစားရခဲ့ဖူးပါတယ်။ ဒုတိယမြောက်ဖတ်ဖူးတဲ့စာအုပ်က ကိုယ်တိုင်ရေးဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ “ ဓားတောင်ကိုကျော်၍
မီးပင်လယ်ကို ဖြတ်မည် ” ပါ။ အသက်ခပ်ငယ်ငယ်တုန်းက ဖတ်ဖူးတာမို့ ဇာတ်လမ်းကိုသာ မှတ်မိနေတဲ့ကျွန်မ ဆယ်နှစ်လောက်အကြာမှာ ပြန်ဖတ်တော့ ဆရာပေးချင်တဲ့ ဒသနတွေ၊ လေးနက်တဲ့ခံယူချက်တွေ အံသြတကြီး တွေ့ခဲ့ရဖူးပါတယ်။ တတိယမြောက်ဖတ်ဖူးတဲ့စာအုပ်က “ စစ်နှင့် ငြိမ်းချမ်းရေး ” ပါ။ ဇာတ်လမ်းကို သိပ်မကြိုက်လှပေမဲ့ ဆရာရဲ့ အမာခံ ပရိသတ်အဖြစ် ကိုယ်ကိုယ်ကို သေချာခဲ့ရပါတယ်။ အဲဒိနောက်ပိုင်း တတ်နိုင်သမျှ ဆရာစာအုပ်တွေ ရှာဖွေ ဖတ်ရှုခဲ့ပြီး အကြိုက်ဆုံးစာရေးဆရာတစ်ယောက်အဖြစ် သတ်မှတ်ခဲ့တာပါ။

မိန်းမတို့အကြောင်း စာအုပ်မှာဆိုရင်လည်း မူရင်းစာအုပ်နဲ့တိုက် ဖတ်ကြည့်ရင် ဆရာ ဘယ်လောက်တော်တယ်ဆိုတာ အသေအချာတွေ့ရမှာပါ။ မူရင်းစာအုပ်က ကျမ်းငယ်ဖြစ်ပြီး စာရေးသူကလည်း မိန်းမ၊ ရေးထားတဲ့အကြောင်းအရာကလည်း မိန်းမတို့အကြောင်း။ ဒါပေမဲ့ အဲဒိကျမ်းငယ်ကို တအုပ်လုံး ဘာသာပြန်လိုက်ရင် မြန်မာစာဖတ်သူများအနေနဲ့ ပျင်းရိသွားနိုင်ပါတယ်။ အဲဒိတော့ဆရာက သူပေးချင်၊ ပြောချင်တဲ့အကြောင်းအရာကိုပဲ ကွက်ကွင်းကွင်းကွင်း မြင်သာထင်သာအောင် ဖော်ပြထားတာ တကယ်ကို ချီးကျူးစရာပါ။

“လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ” ဆိုရင် ကျွန်မရဲ့အသည်းစွဲ။ ဘယ်တော့ဖတ်ဖတ်မရိုးတဲ့စာအုပ်။ ပြန်ဖတ်တိုင်းလည်း ကျောင်းတွေပြန် တက်ချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့စာအုပ်။ တက္ကသိုလ်ဆိုတာ ဘဝရဲ့ အမှတ်တရပါ။


တခါတရံ ဘာသာပြန်မှု ဆိုတာ ဘာသာစကား ကျွမ်းကျင်ရုံလောက်နဲ့ မလုံလောက်သေးပါဘူး။ ဇာတ်လမ်း နောက်ခံအကြောင်းအရာ၊ သမိုင်းအနေအထား နှင့် ခေတ်ကာလအခြေအနေကိုပါ နားလည်မှ ပိုမိုပြည့်စုံပြီး ဖတ်လို့ကောင်းတတ်တာမျိုးပါ။ ကျွန်မက ဘာသာပြန်စာအုပ်ကို ဖတ်တော့မယ်ဆိုရင် ဘာသာပြန်သူနာမည်ကို အရင်ကြည့်တတ်ပါတယ်။ ဘာသာပြန်သူကောင်းမှ စာအုပ်အရသာက ပိုမိုပေါ်လွင်လေးနက်လာစေလို့ပါ။ တချို့ဘာသာပြန်သူများဆို စာအုပ်အရသာဖျက်ဆီးရုံတင်မက လုံးဝဆက်မဖတ်ချင်လောက်တဲ့အထိ အစွမ်းအစရှိကြလို့ပါ။

ဆရာကတော့ ဘာသာပြန်တင် ကောင်းတာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်ရေး စာအုပ်တွေလည်းကောင်းပါတယ်။ ဝတ္ထုတိုတွေဆိုရင်လည်း အင်မတန်ဖတ်လို့ကောင်းလှပါတယ်။ ကျွန်မသိပ်ကြိုက်တာကတတော့ “ပန်းတပွင့်၏လူသတ်ခန်း” ဆိုတဲ့ ဝတ္ထုတိုလေးပါ။ ဆရာပေးချင်တဲ့ ဒသနတွေ၊ အယူအဆတွေကို သိမ်သိမ်မွေ့မွေ့လည်း ပေးထားတယ်လို့ ကျွန်မတော့ ယူဆပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးရဲ့သမိုင်းတဲ့...ဟားဟား .. သူတို့ပဲမြူးနစ်စာချုပ်နဲ့ ဟစ်တလာကို ပလူးပြီးတော့ သူတို့ပဲဟစ်တလာကို ပြန်တိုက်တယ်။ သူတို့ပဲ လူ 55 သန်းကို သတ်ပစ်ပြီး သူတို့ပဲ လူ 55 သန်းသတ်တဲ့အကြောင်းကိုစာအုပ်ရေးပြီး ရိုက်ထုတ်ရောင်းတယ်။ ဒီ လူတွေကျတော့ မရူးဘူး။ ငါ့ကျမှ ရူးသတဲ့....

တဂိုးဝတ္ထုတွေမှာဆိုရင်လည်း ဆရာရဲ့ ဗဟုသုတ နဲ့ စာဖတ်များပုံတွေကို တွေ့မြင်ရမှာပါ။ ချီးကျူးအမွှမ်းတင်ရမည်ဆိုလျှင် ကုန်နိုင်အံမထင်။ ဂျာနယ်ကျော်မမလေးအကြောင်းရေးထားတဲ့စာအုပ်မှာဆိုရင်လည်း ဆရာရဲ့ပြတ်သားတဲ့အယူအဆနဲ့ ခံယူချက်တွေကို ထင်ထင်ရှားရှားတွေ့ရမှာပါ။ ဒိလောက်စာဖတ်နာတဲ့၊ ဗဟုသုတကြွယ်ဝတဲ့၊ စာတွေအများကြီးရေးခဲ့တဲ့ ဆရာက မချမ်းသာပါဘူး။ ဆင်းရဲတယ်လို့တောင် ပြောလို့ရပါတယ်။ အင်မတန်ချစ်ခင်ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့အကူအညီကိုတောင် မယူတတ်သူပါ။ သူတပါးအထောက်အပံနဲ့ အသက်မရှုတတ်သူပါ။ ပြတ်သားတဲ့ခံယူချက်တွေနဲ့ ထောင်နန်းစံဖို့လည်း ဝန်မလေးတတ်သူပါ။
ဆရာ .... ဆရာပရိသတ်အတွက် ဘယ်တော့မှ မသေမဲ့ စာပေသူရဲကောင်း၊ ခေတ်တခေတ်ရဲ့လိုအပ်ချက်၊ သမိုင်းတခုရဲ့ ရုပ်ကြွင်းပါ..
ဆရာစာပေတွေဟာလည်း အမြဲတမ်းရှင်သန်လန်းဆန်းနေမှာပါ။။

http://www.planet.com.mm/bookplanet/?linkpage=writers_detail&poet_id=9

မိန်းမတို့အကြောင်း











second sex

စာအုပ်နာမည်လေးနဲ့တင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်ပါတယ်နော်။ ဒါပေမဲ့ ကျွန်မကတော့ စာရေးသူကို ပိုစိတ်ဝင်စားနေမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးသူဟာ သိပ်ကို ထူးခြားတဲ့ ပြင်သစ်အမျိုးသမီး ဒသန ပညာရှင် ဖြစ်နေလို့ပါ။ ဒီနေ့ခေတ် လူပြောများနေတဲ့ ဖြစ်တည်မှုပဓာနဝါဒ ဆိုတာနဲ့ လူတော်တော် များများဟာ ယန်းပေါလ်ဆာ့တ် ကိုပဲ သတိတရရှိကြပါတယ်။ သူနဲ့အတူတူ ကြိုပမ်းခဲ့တဲ့ သူမကိုတော့ မေ့လျော့ထားတက်ကြပါတယ်။

ဒသနိက ဘွဲ့ရတုန်းကလည်း ဆာ့တ် က ပထမ ၊ သူမက ဒုတိယ ရခဲ့တာပါ။ နောက်ပိုင်းတော့သန့်စင်တဲ့ ချစ်ခြင်းတွေနဲ့သေသည်အထိ အတူတူနေထိုင်သွားကြတယ်လို့ဆိုပါတယ်။သူမစာစရေးတဲ့အချိန်မှာ တော်တော်
များများ က ဆာ့တ် ရေးပေးတယ်လို့ပဲ ထင်ခဲ့ကြပါတယ်တဲ့။ ကြားထဲက မခံချင်ဖြစ်မိတဲ့ ကျွန်မ က အဲဒိတုန်းထဲက သူမ ကို စိတ်ဝင်စားမိတာပါ။

ကျွန်မ ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်ကို နာမည်လည်း မမှတ်မိတော့ပါဘူး၊ ဒါပေမဲ့ သေသေချာချာ မှတ်မိ တာကတော့ သူမအမေ အကြောင်း ရေးထားတယ်ဆိုတာကိုပါပဲ။ လူ့ဘဝ ဆိုတာ ဒုက္ခ လို့ တဖွဖွ ရွတ်ရင်း တသသ ဖြစ်တတ်တဲ့ လူ့စရိုက် သဘာဝအမှန်ကို ထင်းထင်းလင်းလင်း ပြသထားတဲ့အကြောင်းပါ။ဝတ္ထုထဲမှာ သူ့အမေဟာ ဆေးရုံတက်ရတာကို ပျော်နေပါသတဲ့။ ဒါမှ မတွေ့ရတာကြာနေပြီဖြစ်တဲ့ သားသမီးတွေကိုလည်း တွေ့ရမယ်၊ အိမ်နီးချင်းတွေကလည်း ပန်းစီးတွေယူပြီး သတင်းလာမေးရင်းနဲ့ ရပ်ကွက်ထဲက အကြောင်းတွေကို ပြောနိုင်မယ်၊ သူနာပြုလေးတွေရဲ့ ဂရုစိုက်မှုတွေကိုလည်း ရနိုင်တယ်ဆိုပြီး အထင်ရောက်နေတဲ့အကြောင်းပါ။

အခုစာအုပ်ကတော့ မိန်းမတွေရဲ့အတွင်းစိတ်အကြောင်းကို သေသေချာချာ အနုစိတ်လေ့လာ ချယ်မှုန်းထားတဲ့ ကျမ်းတစောင်ပါ။ ပျိုမြစ်နုငယ်တဲ့ လုံမလေးအရွယ်ကနေ ဆံဖြူသွားကျိုးတဲ့အဘွားအို အရွယ်အထိ မိန်းမတို့ရဲ့ စိတ်သဘောအမှန်ကို ဖွင့်ဟပြထားတာပါ။ ပြည့်တန်ဆာ နှင့် ယောက်ျားလျာပါ မကျန်ရအောင် စုံစုံစေ့စေ့ လှစ်ဟဖော်ကျူးထားပါတယ်။ မူရင်းစာအုပ်ကတော့ ကျမ်းစာအုပ်ဖြစ်တာနဲ့အညီ အသေးစိတ်ဖော်ပြထားပေမဲ့ ဘာသာပြန်သူကတော့ ဆိုလိုရင်းကို မပျောက်စေဘဲ ထိထိမိမိ ရေးသားထားတဲ့အတွက် မူလစာအုပ်ရဲ့ တဝက်လောက်ပဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်အုပ်စလုံးက အရသာတမျိုးစီနဲ့ ဖတ်လို့ကောင်းလှပါတယ်။