Showing posts with label revolution. Show all posts
Showing posts with label revolution. Show all posts

Saturday, 18 October 2008

ကောင်းကျိုး ကိုယ်၌တည်စေသတည်း


ဒေသ စံတော်ချိန် ည ၁ နာရီ။

မအိပ်ခင် မြန်မာသတင်းတွေ ကြည့်လိုက်ဦးမယ်ဆိုပြီး Mizzima ဆိုဒ်ထဲအဝင်..
စာလုံးအကြီးနဲ့ ရေးထားတဲ့ ကြားဖြတ်သတင်း ..

ကျောင်းသားခေါင်းဆောင် အယောက် ၂၀ ကျော် အဖမ်းခံရ

သူတို့တွေအတွက် စိတ်တွေပူပြီး မြန်မာသတင်းဆိုဒ်တွေ အကုန် ဟိုကြည့် ဒီကြည့်။
DVB က လှမ်းပြီး ဆက်သွယ်မေးမြန်းတဲ့ အသံဖိုင်တွေနားထောင်။
ဘာလုပ်ပေးရပါ့ သူတို့အတွက်....
တခြား Blogger တွေရော.. သိပြီးကြပြီလား
ဟိုဟိုဒီဒီ လျှောက်ကြည့်...
စိတ်မချမ်းသာစွာနဲ့ မနက် သုံးနာရီမှပဲ အိပ်ရာဝင်ဖြစ်တော့တယ်။
မနက်ကျတော့လည်း နိုးနိုးချင်း ကွန်ပြူတာ အမြန်ဖွင့်..
ဘာ သတင်းများ ထပ်ထူးကြသေးလဲ
လမ်းလျှောက်ကျတဲ့ သူတွေရော.. အဆင်မှ ပြေကြရဲ့လား
အလုပ်သွားဖို့ အမြန်ပြင်ဆင်

အလုပ်ထဲထိ သယ်သွားမိတာက အတွေးတစ်ချို့ --- --- ---

သားသမီးတွေအတွက် မိဘများရဲ့ အမြင့်မားဆုံး မျှော်လင့်ချက်က ပညာတတ်ကြီး ဖြစ်စေချင်တာတဲ့...
လူသားတစ်ယောက်အတွက် လောကရဲ့ အတောင့်တဆုံး ဆန္ဒက လူပီသစေချင်တာတဲ့...
လောကပါလ တရားတွေကို လိုက်နာကျင့်သုံးစေချင်တာတဲ့...
မိမိ ကိုယ်ကို ချစ်ဖို့ ၊ မိသားစုကို ချစ်ဖို့ ၊ တိုင်းပြည် နဲ့ လူမျိုး ကိုချစ်ဖို့ ၊ လူသားမျိုးနွယ် တရပ်လုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တသက်လုံး သွန်သင်ဆုံးမ ခံခဲ့ရတာ...

အဲဒိလို ဆုံးမစကားတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ
သမိုင်းရဲ့ အမှန်တရားတွေကို အသိပညာ ဆင်ခြင်တုံတရားနဲ့ တိုင်းတာ ဆုံးဖြတ်မယ်
လောက ရဲ့ အမှန်တရား ကို ရိုးသားမှုတွေနဲ့ တိုင်းထွာမယ်
လောက ရဲ့ သစ္စာကို ပေးဆပ်မှုတွေနဲ့ ရှာဖွေမယ်

သူတို့ရင်ထဲက မျှော်လင့်ခြင်းမီးတောက် ဘယ်သူခြောက်လို့ ပျောက်မှာလဲ

လိုအပ်ရင် မျိုးနွယ်စု ကောင်းစားရေးအတွက်

လောက ဝန်းကျင် သာယာရေးအတွက် သူတို့ကိုယ် သူတို့ ပူဇော်ထားတယ်လေ


သူတို့ဟာ အများကောင်းကျိုး သယ်ပိုးနေသူတွေပါ လို့ ( စိတ်ထဲမှာ ) အကြီမ်ကြိမ် လျှောက်လဲရင်း

နှစ်ခြိုက်စွာ စွဲလမ်းရတဲ့ စာသားလေးကိုပဲ အကြိမ်ကြိမ် ရွတ်လျှက်


ကောင်းမှု မြတ်နိုး
ကောင်းအောင် ကြိုး၍
ကောင်းကျိုး ကိုယ်၌် တည်စေသတည်း။

လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်း













မန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို ပိုမိုလေ့လာမိလေ....အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကျဆုံးမှုအတွက် မြန်မာနိုင်ငံ၏ ဆုံးရှုံးနစ်နာမှုတန်ဖိုး ဘယ်လောက်ကြီးမားကြောင်း ပိုမို သဘောပေါက်နားလည်ရပါတယ်။




ဒီစာအုပ်မှာ အပိုင်းနှစ်ပိုင်း ခွဲပြီး တင်ပြထားပါတယ်။ ပထမပိုင်းကတော့ အောင်ဆန်း-အတ်တလီ စာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းမှုတွေပါ။ အင်္ဂလန် ခရီးစဉ် နှင့် အကြောင်းအရာတွေကို ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးအရာရှိ တက္ကသိုလ်နေဝင်းက သေသေချာချာလေး မှတ်တမ်းတင်ထားပါတယ်။


ဒုတိယပိုင်းရဲ့ မိတ်ဆက်ကိုတော့ ဒီလိုလေး ဆိုထားပါတယ်။

ဖက်ဆစ်တော်လှန်ရေး၏ စစ်ခေါင်းဆောင်ဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်အတွင်းနှင့် စစ်ပြီးစခေတ်၌ မဟာမိတ်များ ( အင်္ဂလိပ်-အမေရိကန်များ ) အပြင် နိုင်ငံတကာ သတင်းစာဆရာများ၏ အထင်လွဲခြင်း ခံခဲ့ရသည်။

အောင်ဆန်းနှင့် သူ၏တပ်မတော်သည် ပထမတွင် ဂျပန်နှင့် ပူးပေါင်းခဲ့ပြီး 1943 ခုနှစ်နောက်ပိုင်း မဟာမိတ်တို့ဘက်မှ စစ်ရေးသာလာတော့မှ ဗြိတိသျှ(မဟာမိတ်) တို့ဘက် ကူးပြောင်းလာခဲ့သူ “သာယာစီးသမား (ဝါ) ရေသာခိုအချောင်သမားဆန်သည် ” ဟု ဝေဖန်ခြင်းခံရသည်။

ဤသို့အထင်လွဲ ဝေဖန်ခံရခြင်းကို ဗိုလ်ချုပ်အောင်ဆန်း ချေပခဲ့ပုံကတော့ 1945ခုနှစ် သြဂုတ်လ 29 ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပသော “ အရှေ့ နှင့် အနောက် အသင်း” စည်းဝေးပွဲတွင် မဟာမိတ်စစ်ဘက်၊ နယ်ဘက်အရာရှိများ နိုင်ငံခြားသတင်းထောက်များ အတွက် အထူးရည်ရွယ်လျက် The Resistance Movement အမည်ရှိ အင်္ဂလိပ်ဘာသာ စာတမ်းတစောင်ကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။

ဖက်ဆစ်တော်လှန်ရေးကို သုံးသပ်ရာတွင် ဗိုလ်ချုပ်သည် 1885ခု သီပေါမင်းပါတော်မူချိန်မှ ဇာတ်လမ်းအစချီကာ တင်ပြသွားပုံမှာ အလွန်ပြည့်စုံလှပါသည်။ ရိုးသားပွင့်လင်းသူပီပီ ဖက်ဆစ်ဂျပန်နှင့် ပူးပေါင်းခဲ့သည့်ကိစ္စတွင် သူကိုယ်သူ မထောက်မညှာ ဝေဖန်သွားပုံကလည်း နိုင်ငံရေးအနှစ်သာရနှင့် ပြည့်စုံလှပါသည်...... ဟုဆိုကာ ဖက်ဆစ်တော်လှန်ရေးသမိုင်း ကို တင်ပြသွားပါသည်။



နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံအား သိမ်းပိုက်အုပ်စိုးခြင်းသည် မည်သည့်နည်းနှင့်မှ တရားနည်းလမ်း မကျနိုင်
( အေဘရာဟင် လင်ကွန်း )
ကျွန်ုပ်တို့သည် ဖက်ဆစ်ဝါဒကို လိုလားနှစ်သက်မှု လုံးဝမပါဘဲ ကျွန်ုပ်တို့၏အရင်းရှင်ပေါက်စ လူတန်းစားအတွေးအခေါ်၏ မှားယွင်းမှု၊ ကြောက်ရွံ့ တုန်လှုပ်မှု များကြောင့်သာလျှင် ဂျပန်တို့ကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်မိခဲ့ကြခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် ခရီးလမ်း၏အစတွင် မှားချင်မှားခဲ့ပေမည်။ အတိတ်ကာလအတွင်းက ကျွန်ုပ်တို့သည် မှားယွင်းမှုများကို ပြုမူခဲ့ချင်လည်း ပြုမူခဲ့ကြပေလိမ့်မည်။ သို့သော်လည်း ဘယ်အချိန် ဘယ်အခါကမှ မျိုးချစ်စိတ်ဓာတ်၏ ခရီးလမ်းကြောင်းမှ ရှောင်ဖယ်သွေဖြည်၍ မသွားခဲ့ကြောင်းကိုတော့ ကျွန်ုပ်က ရဲဝံ့စွာ ပြောလိုပါသည်။ ဂျပန်တို့နှင့် ပူးပေါင်းနေခဲ့စဉ်ကလည်း ကျွန်ုပ်တို့သည် မဖွယ်မရာ ရှက်စရာကောင်းသော မျိုးချစ်စိတ်ဓာတ်နှင့် ဆန့်ကျင်သော အလုပ်ဟူသမျှ ဘာမှမလုပ်ခဲ့ကြောင်းကိုပါ ပြောပြလိုပါသည်။
(ဗိုလ်ချုပ်အောင်ဆန်း)