Showing posts with label self-improvement. Show all posts
Showing posts with label self-improvement. Show all posts

Saturday, 18 October 2008

စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသော စိတ်၏အစွမ်းသတ္တိများ












စိတ်သည် အကြီးမားဆုံး စွမ်းအားရှင်ဖြစ်သည်။ လူ့အလိုဆန္ဒအားလုံးကို ဖြည့်ဆည်းဖြေရှင်းပေးသောအရာသည် လူ၏အတွေ့အကြုံနှင့် စိတ်ဓာတ်ပင်ဖြစ်သည်။ သို့သော်ပရမ်းပတာအတွေး၊ ဖရိုဖရဲစိတ်ဓာတ်တို့ဖြင့်ကား ရလာဒ်ရေရာလိမ့်မည်မဟုတ်။ ကြီးမားသော အလိုဆန္ဒ နှင့် ရည်မှန်းချက်များ ထမြောက်အောင်မြင်လိုလျှင် စိတ်ဓာတ် နှင့် အတွေးအကြံများကို ဦးစွာလေ့ကျင့် ပြင်ဆင်ထားရလိမ့်မည်
........လို့ စာအုပ်ဖုံးမှာ ဆိုထားတဲ့ ဆရာဖေမြင့် ရဲ့ဒီစာအုပ်လေးက တော်တော်ဖတ်လို့ကောင်းပါတယ်။

ဒီအထဲကမှ ကျွန်မ ကြိုက်နှစ်သက်တဲ့ ကောင်းနိုးရာရာလေးတွေကို ရွေးချယ်ဖော်ပြထားပါတယ်။ အားလုံး အောင်မြင် ပြည့်စုံသော ဘဝတွေကို တည်ဆောက်နိုင်ကြပါစေ။



မိမိအား တစ်စုံတစ်ယောက်က ထိခိုက်စော်ကား(ပြောဆိုပြုမူ)သည်ဟူသော အနေအထားမျိုးတွင် မည်သို့တုံ့ပြန်သင့်ကြောင်း ရပ်ဆယ်လီယွန်စ် အမည်ရှိပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။ ၎င်းက “ ထိခိုက်စော်ကားမူတစ်ခုကို အလိမ္မာဆုံး ခံယူနိုင်သည့် တစ်ခုတည်းသောနည်းကား လျစ်လျူရှုခြင်းနည်း ဖြစ်သည်။ အကယ်၍ လျစ်လျူမရှုနိုင်ပါက သည့်ထက်ကျောပြီး ပြောပစ်လိုက်ပါ။ သည်လိုမလုပ်နိုင်က ရယ်မောပစ်လိုက်ပါ။ အကယ်၍ သင်မရယ်နိုင် ဆိုပါက ယင်းသည် သင်ခံသင့်ခံထိုက်သောအရာ ဖြစ်ချင်ဖြစ်နေနိုင်ပါသည် ” ဟူ၍ဆိုပါသည်။


စိတ်ပညာရှင် တွေးခေါ်ရှင်ကြီး ဝီးလျံဂျိမ်းစ် ကမူ “ အရာရာကို ဝေခွဲမရ ဆုံးဖြတ်ချက်မကျ ဖြစ်နေတတ်သည့် အကျင့်ကြီးကလွဲ၍ တခြားဘာအလေ့အကျင့်မှ မရှိသောသူတစ်ဦးထက် ပို၍စိတ်မချမ်းမသာ ဖြစ်ရသူကား ရှိလိမ့်မည်မဟုတ် ” ဟူ၍ ပြောကြားခဲ့ပါသည်။


အသိပညာဟူသည် သူဆင်းရဲအတွက် ဓနဥစ္စာဖြစ်၍ လူချမ်းသာအတွက် ကျက်သရေမင်္ဂလာဖြစ်သည်။ ထို့ပြင် ငယ်ရွယ်သူတို့အတွက် လိုအပ်ချက်ကြီးဖြစ်၍ ကြီးရင့်အိုမင်းသူတို့၌ စိတ်နှလုံး ချမ်းမြေ့စရာ အထောက်အပံ့ ပြုသောအရာ ဖြစ်သည်။


ငါ့အား တစ်ပြိုင်တည်း နှိပ်စက်နေသော အရာနှစ်ခုရှိသည်။ ယင်းကား နားမထောင်သည့်ရောဂါ နှင့် အမှတ်သညာမပြုခြင်း ဝေဒနာတို့ဖြစ်သည်။

ရှိတ်စပီးယား


မကောင်းသူတစ်ယောက်အတွက်နှင့်တော့ သင့်စိတ်ကောင်းစေတနာကောင်းများ ပျက်မသွားပါနှင့်။ စိတ်ကောင်း စေတနာကောင်းဟူသည် ချက်ချင်းလက်ငင်း အကျိုးမပေးလျှင်လည်း တစ်နေ့နေ့တစ်ချိန်ချိန် တစ်နေရာရာတွင် ပြန်၍အကျိုးပေးမည်သာ။ အကျိုးကျေးဇူးတုံ့ပြန်မှုသည် သင်စေတနာထားဖူးသူများထံမှ ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် အခြားသူများထံမှ ဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ ခြုံငုံစုပေါင်းလိုက်လျှင်ကား သင့်စေတနာသည် တူညီသောအကျိုးပေးမှုကို ခံရမည်သာဖြစ်ပါသည်။


စိုးရိမ်ကြောင့်ကြစိတ်တို့ကို အင်အားအဖြစ်ပြောင်းလဲပစ်နိုင်သူများမှာ လောက၌ အောင်မြင်သူများ ဖြစ်လာတတ်ကြသည်။


ရှုံးနိမ့်မှုဟူသည် အောင်မြင်မှုပန်းတိုင်သို့ ချီတတ်ရာ ခရီးလမ်း၌ ကြုံတွေ့ရတတ်သည့် လမ်းကွေ့ကလေးများဖြစ်သည်။


ဤကမ္ဘာရှိကောင်းသော လုပ်ရပ်အများစုတို့သည် ခပ်ညံ့ညံ့လူများ၏ အစွမ်းကုန် အားထုတ်ကြိုးပမ်းမှုဖြင့် ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။


တက်ကျမ်းဆိုသော စာအုပ်များနှင့်


အခုတလော ကျွန်မ တတ်ကျမ်းလို့ ဆိုရမဲ့ စာအုပ်တွေ တော်တော်များများ ဖတ်ဖြစ်နေတယ်။ ပုံမှန်အားဖြင့် ကျွန်မနဲ့ အဲလိုစာအုပ်တွေ သိပ်ရင်းနှီးလေ့မရှိပါဘူး။ ကျွန်မက ခံစားချက်ကို ဦးစားပေးတတ်သူ၊ အကြောင်းအရာကို အသားပေးတတ်သူပါ။ ဒါပေမဲ့ ကျွန်မနဲ့ သိပ်ခင်တဲ့ အသိအစ်ကို တစ်ယောက်ကတော့ အဲလိုစာအုပ်တွေကိုမှ အလေးပေးဖတ်တတ်သူရယ်ပါ။ ဘယ်လောက်တောင် ဖတ်ထားသလဲတော့ မသိဘူး။ သူစာအုပ်တွေအကုန်လုံး မှင်နီမှင်ပြာ မျိုးစုံ၊ Highlight တွေ အရောင်စုံနဲ့။ ပြောပုံကလည်း သိပ်ရှင်းပါတယ်။ ပြန်ဖတ်စရာ မလိုတော့အောင် ဖတ်ပြီးပြီဆိုပဲ။ အိမ်အပြောင်းအရွှေ့နဲ့ နေရာအခက်အခဲကြောင့် လိုချင်ရင် စာအုပ်တွေ အကုန်ယူသွားလို့ ရတယ်လို့ပြောပါတယ်။


ဘယ်လိုစာပေမျိုးပဲဖြစ်ဖြစ် စာဖတ်ရရင်ပျော်နေတတ်တဲ့ကျွန်မကတော့ ဝမ်းသာအားရနဲ့ကို စာအုပ်တွေ အကုန်လုံးသယ်လာပါတော့တယ်။ ဖတ်နေကျ မဟုတ်ပေမဲ့ ဖတ်ကြည့်တော့လည်း ကောင်းသား။ တစ်ချို့အကြောင်းအရာတွေက လက်တွေ့ပြသနာတွေကို အနည်းနဲ့အများဆိုသလို ထိရောက်စွာ ကုစားပေးနိုင်တယ်လို့လည်း ယုံကြည်ပါတယ်။ အညွှန်းတွေတော့ များနေပြီ။ ဖတ်ပြီးသလောက်ထဲမှာ သိပ်ကြိုက်တဲ့စာသားလေးတွေ ပြန်ဖောက်သယ်ချပါရစေဦး။

ဝီရိယ စိုက်ထုတ်လုပ်ကိုင်နိုင်လျှင် တိုင်းပြည်လူဦးရေ၏ တစ်ဝက်မျှကို အနိုင်ရပြီဖြစ်ပါသည်။ နောက်ထပ်လေးဆယ်ရာခိုင်နှုန်းကို ကျော်တက်နိုင်ရန်မူ ဖြောင့်မတ်တည်ကြည်သူ၊ ယုံကြည်ချက်၌ စွဲမြဲသူ ဖြစ်ရပါမည်။

ငွေ
ငွေဆိုသည်မှာ စည်းရိုးခြံစပ်၌ သိုဝှက်မြှပ်နှံထားရန်မဟုတ်
ခြွေရံသင်းပင်းနှင့် ဖြုန်းတီးပစ်ခြင်းငှာလည်း မဟုတ်
သီးခြားလွတ်လပ်ရပ်တည်နိုင်ခြင်းတည်း ဟူသော
ကျက်သရေမင်္ဂလာ အလို့ငှာသာ ဖြစ်ချေသည်။
ရောဘတ်ဘန်းစ်